CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁
လီဗာပူးလ်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် စပိန်လူမျိုးနည်းပြ အီရာအိုလာနဲ့ ဒီရက်သတ္တပတ် ထဲမှာ တရားဝင် ဆွေးနွေးမှုတွေ စတင်မယ်လို့ ESPN က ဖော်ပြထားပါတယ်။
လီဗာပူးလ်အသင်းဟာ ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၂၀ အရေးနိမ့်ပြီး ဆုဖလား လက်မဲ့နဲ့ အဆုံးသတ်ခဲ့ရတဲ့ ဆိုးရွားတဲ့ ရာသီအပြီးမှာ ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ကို ထုတ်ပယ်ခဲ့တာပါ။
အာနီဆလော့ဟာ လီဗာပူးလ်အသင်း နည်းပြဘဝ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာတော့ ရလဒ်တွေ ဆိုးခဲ့တဲ့အတွက် အသင်းက သူနဲ့လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းရဲ့ နည်းပြသစ် စာရင်းထဲမှာ အီရာအိုလာနဲ့အတူ စတုဂတ်အသင်းနည်းပြ ဟိုးနက်စ်၊ လန်းစ်အသင်းနည်းပြ ပီယာဆာ့ဂျ်တို့ ပါဝင်နေပေမယ့် လီဗာပူးလ်အသင်းဟာ အီရာအိုလာကို ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

လီဗာပူးလ်အသင်းကို တွေ့ရစဉ်
အီရာအိုလာဟာ ဘုန်းမောက်အသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပဝင်ခွင့်ရအောင် ကိုင်တွယ်ခဲ့ပြီးနောက် စာချုပ်ကုန်ဆုံးပြီဖြစ်လို့ ထွက်ခွာခဲ့ပါတယ်။
အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ခရစ္စတယ်ပဲလေ့စ်၊ အေစီမီလန်နဲ့ လေဗာကူဆင်အသင်းတို့ကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။
လီဗာပူးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်မယ့် ဇွန်လ ၁၁ ရက်မှာ နည်းပြသစ် ခန့်အပ်နိုင်ဖို့ ရည်ရွယ်ထား ပြီး လာမယ့်ရာသီ မတိုင်မီ အသင်းရဲ့ စီစဉ်မှုတွေမှာ အချိန်အများအပြား ပါဝင်စေချင်နေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ နည်းပြသစ် ခန့်အပ်နိုင်ဖို့ ကြိုးပမ်းနေသလို အသင်းကနေ ထွက်ခွာခဲ့တဲ့ ဆာလက်၊ ရော်ဘတ်ဆန်၊ ကိုနာတေးတို့ရဲ့ နေရာတွေမှာလည်း ကစားသမားသစ်တွေ အားဖြည့်ဖို့ လုပ်ဆောင်နေပါတယ်။
Source: ESPN
