CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မှာ PSV အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့က သူ့ရဲ့နည်းပြရာထူးကို စိုးရိမ်ပူပန်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။ 

အာနီဆလော့က “အနာဂတ်နဲ့ပတ်သက်ပြီး ကျနော် စိုးရိမ်ပူပန်မှု မရှိပါဘူး။ ကျနော့်ရဲ့ အာရုံစိုက်မှုက ကျနော့်ရဲ့ ရာထူးကို စိုးရိမ်ပူပန်တာထက် အခြားအရာတွေ အပေါ်မှာပါ။ ပြီးခဲ့တဲ့ ရာသီကလို ကျနော် မလုပ်နိုင်ဘူးဆိုတာ သိသာပါတယ်။ ဘာလို့လဲဆိုရင် တစ်ဦးချင်း အမှားတွေ အကြောင်းကို ပြောတဲ့အချိန်မှာ ဒါက အသင်းလိုက် အားထုတ်မှုကနေ ဖြစ်လာတဲ့အရာလို့ ကျနော်ထင်ပါတယ်။ ကျနော်ပိုကောင်းအောင်လုပ်ဖို့လိုသလို အသင်းကို တိုးတက်အောင် နေ့တိုင်း ကြိုးစားနေပြီး ဒါက ကျနော်အာရုံစိုက်နေတဲ့ အဓိကအရာပါ”လို့ ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်းဟာ ဒီရှုံးပွဲကြောင့် ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲဆက်တိုက် အရေးနိမ့်ခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ ၁၂ ပွဲမှာ ၉ ပွဲအထိ ရှုံးပွဲကြုံတွေ့ထားတာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ နေရာ ရပ်တည်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၃ နေရာ ရပ်တည်နေတာကြောင့် နည်းပြ အာနီဆလော့ အပေါ် ဖိအားတွေ ပိုပြီးတိုးလာနေတာပါ။ 

လီဗားပူလ်အသင်းကို တွေ့ရစဉ်

ဒါပေမယ့် အာနီဆလော့ကတော့ လီဗာပူးလ်အသင်း နည်းပြရာထူးကို စိုးရိမ်ပူပန်မှုမရှိတာ ဖြစ်ပါတယ်။ 

အာနီဆလော့က သူဟာ လီဗာပူးလ်အသင်း အကြီးအကဲတွေနဲ့ ပုံမှန်စကားပြောဆိုမှုတွေ ရှိတာကြောင့် ဒီစကား ပြောမှုတွေမှာ ယုံကြည်မှုကို ခံစားရပေမယ့် ဒီပွဲအပြီးမှာ ဘာဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်လို့ ပြောခဲ့ ပါတယ်။ 

လီဗာပူးလ်အသင်း ကွင်းလယ်လူ ကာတစ်ဂျုံးစ်က အသင်းရဲ့ ရလဒ်တွေဟာ လက်ခံနိုင်စရာ မရှိသလို အလွန် ဒေါသထွက်နေတယ်လို့ ပွဲအပြီး RTE နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရ မှာဖြစ်ပြီး ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ဖို့ မျှော်လင့်နေပါတယ်။ 

Source: ESPN