CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

နော်တင်ဟမ်ဖောရက်စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ်အသင်းရဲ့ စွမ်းဆောင်ရည်ဟာ ဆိုးရွားခဲ့ပေမယ့် နည်းပြ အာနီဆလော့က အသင်းဟာ သူတို့ထိုက်တန်တာထက် ပိုရခဲ့တယ် လို့ ပြောခဲ့ပါတယ်။ 

အာနီဆလော့က “ပထမပိုင်းမှာ အလွန် ညံ့ဖျင်းခဲ့ပြီး ဒါဟာ အခုအချိန်ထိ ကျနော်တို့ ကစားခဲ့တဲ့အထဲမှာ အဆိုး ရွားဆုံးပါပဲ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ပိုကောင်းလာခဲ့ပြီး ပွဲကိုလည်း ထိန်းချုပ်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ကျနော်တို့ဟာ ထိုက်တန်တာထက် ပိုရခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်တို့ အနိုင်ရတာထက် သရေက ပိုမျှတတဲ့ ရလဒ် ဖြစ်လိမ့်မယ်လို့ ထင်ကြောင်း”ပြောခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ကွင်းလယ်လူ မက်အလစ္စတာရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးကြောင့် အဖိုးတန် ၃ မှတ် ရရှိခဲ့တာပါ။

မက်အလစ္စတာဟာ မိနစ် ၉၀ မှာ ၁ ဂိုး သွင်းယူခဲ့ပေမယ့် VAR ရဲ့ ပယ်ဖျက်ခြင်း ခံခဲ့ရတာကြောင့် နစ်နာခဲ့ရပေမယ့် ထပ်ဆောင်းအချိန်ပိုမှာ နောက်ထပ် သွင်းဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းကို တွေ့ရစဉ်

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က VAR ရှိနေတာကြောင့် တစ်ခုခု ဖြစ်နိုင်တယ်လို့ တွေးမိရင် အောင်ပွဲခံဖို့ ခက်ခဲတယ်လို့ ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဖီနာဘာချီအသင်းနဲ့ ယူရိုပါလိဂ်ပွဲမှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ပထမဆုံးပွဲအဖြစ် ကိုင်တွယ်ပြီး နိုင်ပွဲရယူပေးနိုင်ခဲ့တဲ့ နည်းပြပါရဲရားဟာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရလဒ်ကောင်းရယူနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။

ဒါပေမယ့် ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် အလွန်စိတ်ပျက်နေပြီး ဘောလုံးကို ဒေါသထွက်နေပေမယ့် လာမယ့်ပွဲ အတွက် အကောင်းဆုံး လုပ်နိုင်ဖို့ ပြင်ဆင်သွားရမယ်လို့ ပါရဲရားက မှတ်ချက်ပေးခဲ့ပါတယ်။ 

နိုင်ပွဲရခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပြီး နော်တင်ဟမ်ဖောရက်စ်အသင်းကတော့ တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: ESPN