CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
အာဆင်နယ်အသင်းဟာ မြောက်လန်ဒန် ဒါဘီပွဲစဉ်မှာ စပါးအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် နည်းပြအာတီတာက အသင်းအနေနဲ့ ဒီပွဲကပုံစံကို ထပ်ခါထပ်ခါ ပြသရမယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ဟာ ဝုလ်ဗ်စ်အသင်းနဲ့ပွဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေပြီးနောက် ခက်ခဲခဲ့ပြီး ဒီပွဲကို ဘယ်လို သရေကျခဲ့လဲဆိုတာကို ရှင်းပြလို့ မရပါဘူး။ ဒီခံစားရတဲ့ပုံစံက အလုပ်တစ်ခုထက်ကြီးပြီး ဒါဟာ ကျနော် တို့ရဲ့ စိတ်အားထက်သန်မှု၊ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်တွေပါ။ စပါးအသင်းနဲ့ပွဲမှာ ကျနော်တို့ဟာ ဘယ်လိုလဲ ဆိုတာ ပြသခဲ့ပေမယ့် ဒါကို ထပ်ခါထပ်ခါ ပြသရမှာပါ။ ရိုလာကိုစတာ စီးဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ကျနော်တို့ ဆက်သွားရမယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ကြားရက်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အဆင့် ၂၀ နေရာက ဝုလ်ဗ်စ်အသင်းကို ၂ ဂိုးစီ သရေကျခဲ့တာကြောင့် ဝေဖန်မှုတွေ ကြီးကြီးမားမား ခံခဲ့ရပါတယ်။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ စပါးအသင်းနဲ့ပွဲမှာတော့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသသွားနိုင်ခဲ့ပြီး ဂိုးပြတ် အနိုင်ရခဲ့တာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ယိုကီရက်စ်နဲ့ အီဇီတို့က ၂ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၂ နေရာက မန်စီးတီးအသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၅ မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။

စပါးနဲ့အာဆင်နယ် ယှဉ်ပြိုင်နေကြစဉ်
စပါးအသင်းဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်မှာ ၉ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး တန်းဆင်းဇုန်အဆင့် ၁၈ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။
စပါးအသင်းနည်းပြ တူဒေါက အသင်းနှစ်သင်းကြားမှာ အလွန်ကြီးမားတဲ့ ကွာဟချက်ရှိနေပြီး ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ကာ အကျင့်တွေကို ပြောင်းလဲအောင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် တူဒေါက အသင်းရဲ့ စိတ်အားထက်သန်မှုတွေကို မြင်တွေ့ခဲ့ရတဲ့အတွက် ဒီပုံစံအတိုင်း ဆက်ကြိုးစားကာ နိုင်ပွဲတွေ ရှာဖွေရမယ်လို့ ပြောခဲ့တာပါ။
စပါးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ်အသင်း ကတော့ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail
