CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅

စပိန်ဂိုးသမား ဒေးဗစ်ရာယာကြောင့် အာဆင်နယ်အသင်းမှာ ပွဲကစားခွင့်ဆုံးရှုံးနေတဲ့ သားဖြစ်သူ အာရွန်ရမ်စဒေးလ်ဆီမှာ အပြုံးတွေ ပျောက်ကွယ်နေပြီလို့ ဖခင်နစ်ခ်ရမ်စဒေးလ်က ပြောလိုက်ပါတယ်။

နစ်ခ်ရမ်စဒေးလ်က “အာရွန်ဆီမှာ အပြုံးတွေ ပျောက်ကွယ်နေပါပြီ။ သူ့ကို အရန်ခုံပေါ်မှာ မြင်တွေ့ရတာက တကယ်ကိုခက်ခဲပြီး အားလုံးက မင်းပြုံးနေဖို့ လိုအပ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ အာရွန်ကတော့ အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပြီး ဆုဖလားတွေ ရယူပေးနိုင်ဖို့ သူလုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့ပါ တယ်။

ရမ်စဒေးလ်ဟာ ဒီရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲစလုံး ပွဲထွက်ခွင့် ရခဲ့ပေမယ့် ဒေးဗစ်ရာယာ ရောက်ရှိလာ အပြီးမှာတော့ ပွဲကစားခွင့် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ရမ်စဒေးလ်အနေနဲ့ အရန်ခုံမှာသာ ဆက်ပြီးရှိနေမယ်ဆိုရင် လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် လူစာရင်းမှာ ပါဝင်နိုင်မယ်လို့ ကတိမပေးနိုင်ကြောင်း ပြောထားပါတယ်။ 

ရမ်စဒေးလ်ဟာ ဒေးဗစ်ရာယာ ရောက်ရှိလာပြီးကတည်းက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ အာဆင်နယ် အသင်းရဲ့ အရန်ဂိုးသမားအဖြစ် ပါဝင်ခဲ့ရပြီး ဖလားပွဲတွေမှာသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ 

ရမ်စဒေးလ်ကို တွေ့ရစဉ်

အင်္ဂလန်ဂိုးသမားဟာ ပြီးခဲ့တဲ့ မေလကမှ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားပေမယ့် ပွဲကစားခွင့် ဆုံးရှုံးနေတာကြောင့် သူ့ရဲ့အနာဂတ်ကို စဉ်းစားနေပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ ရမ်စဒေးလ်အနေနဲ့ ဘယ်လိုအရာကိုမှ အလျင်စလို မဆုံးဖြတ်ဖို့ သတိပေးထားပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ရမ်စဒေးလ်ဟာ ၂၀၂၁ ခုနှစ်က ရှက်ဖီးယူနိုက်တက် အသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ရမ်စဒေးလ်ဟာ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၈၅ ပွဲ ပါဝင်ကစားထားပြီး မနှစ်ကရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိအောင် လက်စွမ်းပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ တည်ငြိမ်မှုမရှိတဲ့ လက်စွမ်းတွေကြောင့် အာတီတာက ဒေးဗစ်ရာယာကို ဘရန်ဖို့ဒ်အသင်းကနေ ခေါ်ယူပြီး ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုနေတာ ဖြစ်ပါတယ်။

Source: BBC