CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ သြစတြီးယားအသင်းနဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေချင်းဝတ် ဒဏ်ရာကြောင့် အနည်းဆုံး ၃ ပတ်ခန့် အနားယူရဖွယ်ရှိတယ်လို့ နော်ဝေအသင်း ဆရာဝန်က ပြောခဲ့ပါတယ်။ 

နော်ဝေအသင်း ဆရာဝန် အိုလာဆန့်က “ဒီလိုခြေချင်းဝတ် ဒဏ်ရာဟာ အနည်းဆုံး ၃ ပတ်ခန့် ကြာတက်သလို ပိုပြီးတော့လည်း ကြာရှည်သွားနိုင်ပါတယ်။ လန်ဒန်မှာ MRI စစ်ဆေးမှုကနေ အခုအချိန်ထိ ကျနော်တို့ ရရှိခဲ့တာက တော့ ခြေချင်းဝတ် အရိုးအက်သွားခြင်း မရှိဘူးဆိုတာပါ။ အိုဒီဂတ်ကတော့ သူအလွန် နာကျင်နေတဲ့အတွက် စိုးရိမ်နေပါတယ်”လို့ ပြောပါတယ်။

အိုဒီဂတ်အနေနဲ့ ၃ ပတ်ကြာ အနားယူရမယ်ဆိုရင် စပါးအသင်း၊ မန်စီးတီးအသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် အပါအဝင် အသင်းရဲ့ ပွဲစဉ် ၅ ပွဲကို လွဲချော်နိုင်တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်း အတွက်တော့ ပွဲကြီးပွဲကောင်းတွေ ဆက်တိုက် ယှဉ်ပြိုင်ရမယ့် အချိန်မှာ အိုဒီဂတ်ရဲ့ ဒဏ်ရာ သတင်းဟာ သူတို့အတွက် အလွန်စိတ်ပျက်စရာ ဖြစ်ခဲ့ရတာပါ။ 

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် ကွင်းလယ်လူသစ် မယ်ရီနိုကိုလည်း ဆုံးရှုံးထားရတာ ဖြစ်ပါတယ်။ 

အိုဒီဂတ်ကို တွေ့ရစဉ်

ဒါအပြင် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ပြသခံခဲ့ရတဲ့ အနီကတ်ကြောင့် စပါးအသင်းနဲ့ ပွဲစဉ်ကို ပွဲပယ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ 

နောက်ခံလူသစ် ကာလာဖီအိုရီကလည်း အီတလီအသင်းအတွက် နေးရှင်းလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ရင်း ပြင်သစ် အသင်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်ဖို့ မသေချာသေးတာပါ။

ဒါပေမယ့် တိုက်စစ်မှူး ဂျီးဆပ်စ်ကတော့ ဒဏ်ရာက ပြန်သက်သာလာပြီး အသင်းအတွက် မကြာခင်မှာ ပြန်လည် ပါဝင်နိုင်ဖို့ ရှိနေတာပါ။ 

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: BBC