CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၁
အာဆင်နယ်အသင်းဟာ နှစ်ပေါင်း ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြအာတီတာကို လုပ်ခလစာ အများအပြားပေးပြီး စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်နေ ပါတယ်။
စာချုပ်သစ်အရ အာတီတာဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံးရရှိတဲ့ နည်းပြတွေထဲက တစ်ဦးဖြစ်လာမှာပါ။
အာတီတာနဲ့ အာဆင်နယ်အသင်းရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၇ ရာသီကုန်ရင် ကုန်ဆုံးပြီ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အာရုံစိုက်နေပြီး ဒီရာသီ ကုန်ဆုံးသွားရင် အာတီတာကို စာချုပ်သစ်ချုပ်ဖို့ လုပ်ဆောင်သွားမှာပါ။
အာတီတာရဲ့ လက်ရှိစာချုပ်ဟာ တစ်ရာသီကို ပေါင် ၁၀ သန်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရင် ပေါင် ၅ သန်း အပိုဆုကြေး ရရှိမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာကို တွေ့ရစဉ်
ဒါပေမယ့် အာတီတာဟာ ကမ္ဘာပေါ်မှာရှိတဲ့ နည်းပြတိုင်းနဲ့ လုပ်ခလစာ ယှဉ်နိုင်အောင် အာဆင်နယ်အသင်းက သူ့ကို လစာတိုးပေးပြီး စာချုပ်သစ် ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။
အက်သလက်တီကိုအသင်း နည်းပြ ဆီမြွန်နီဟာ တစ်နှစ်ကို ပေါင် ၂၅.၉ သန်းနဲ့ လုပ်ခလစာ အမြင့်ဆုံးရရှိနေပြီး မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာဟာ တစ်နှစ်ကို ပေါင်သန်း ၂၀ ခန့် ရရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ငွေကြေး အများအပြား သုံးစွဲခဲ့သလို လာမယ့်နွေရာသီ အပြောင်း အရွှေ့မှာလည်း ငွေကြေး အများအပြား သုံးစွဲဖို့ရှိနေပါတယ်။
အာဆင်နယ်အသင်း နည်းပြ အာတီတာဟာ တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းစေဖို့ ဘုန်းမောက်အသင်း တိုက်စစ်မှူး ခရူပီကို ပစ်မှတ်ထားနေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၃ ဂိုး သွင်းယူထားတဲ့ ခရူပီအတွက် ဘုန်းမောက်အသင်းဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ တောင်းဆိုဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Dailymail
