CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၁
အာဆင်နယ်အသင်းနည်းပြ အာတီတာက ပွဲချိန် ၉၄ မိနစ်မှာ သွင်းယူခဲ့တဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ချေပဂိုးကို ခွင့်မပြုခဲ့တဲ့ ဒိုင်လူကြီးတွေကို ချီးကျူး ဂုဏ်ပြုခဲ့ပြီး ဒါဟာ ရဲရင့်တဲ့ ဆုံးဖြတ်ချက်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်က အလွန်ရဲရင့်တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ဟာ ဝေဖန် မှုတွေ ရှိနေတဲ့အချိန်မှာ ဝေဖန်ခဲ့ပေမယ့် ဒီပွဲမှာ အနည်းဆုံးတော့ ဒိုင်လူကြီးကို ရွေးချယ်ခွင့်ပေးတဲ့အတွက် သူတို့ကို ချီးကျူးရမှာပါ။ ဒါဟာ ပြစ်ဒဏ်ဘောဖြစ်ပြီး သွင်းဂိုးကို ခွင့်မပြုသင့်ပါဘူး။ ဒါကြောင့် ခက်ခဲတဲ့ အခြေ အနေမှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့လို့ သူတို့ကို ဂုဏ်ပြုရမှာပါ”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပွဲချိန် ၈၃ မိနစ်မှာ သွင်းယူခဲ့တဲ့ ထရော့ဆာ့ဒ်ရဲ့ သွင်းဂိုးကြောင့် ဝက်စ်ဟမ်းအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အဆင့် ၂ နေရာက မန်စီးတီးအသင်းကို ရမှတ် ၅ မှတ်ဖြတ်ကာ ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။
ဒီပွဲရဲ့မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်း အချိန်ပိုမှာ ဝီလ်ဆင်က တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ရုန်းကန်နေတဲ့ ဝက်စ်ဟမ်းအသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းနဲ့ အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒါပေမယ့် ဝက်စ်ဟမ်းအသင်း ချေပဂိုးသွင်းယူချိန်မှာ အာဆင်နယ်အသင်း ဂိုးသမား ဒေးဗစ်ရေယာကို ပြစ်ဒဏ် ကျူးလွန်ခဲ့တာကြောင့် VAR ဒိုင်လူကြီးက ကွင်းလယ်ဒိုင်လူကြီးကို မော်နီတာကြည့်ပြီး ဆုံးဖြတ်စေခဲ့ပါတယ်။
ကွင်းလယ် ဒိုင်လူကြီးဟာ ဒီဖြစ်ရပ်ကို ကြည့်ရှုပြီးနောက် ဝက်စ်ဟမ်းအသင်းရဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့တာပါ။
အဲ့ဒါကြောင့် အာဆင်နယ်အသင်း နည်းပြ အာတီတာက ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို ရဲရင့်တဲ့ဆုံးဖြတ်ချက် လို့ ပြောပြီး ချီးကျူးဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်း ခေါင်းဆောင်ဘိုဝင်က သူတို့ရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး ထောင့်ကန် ဘောတွေ ကန်တဲ့အချိန်မှာ ထိတွေ့မှုတော့ ရှိနေမှာပဲလို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် လက်ကျန် ၂ ပွဲဖြစ်တဲ့ ဘန်လေနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ကို အနိုင်ရ တာနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်တော့မှာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းကတော့ တန်းဆင်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
Source: ESPN
