CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၁
ဘာစီလိုနာအသင်းဟာ ရီးရယ်လ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ဒီရာသီလိဂ်ပွဲတွေ ကစားဖို့ ၃ ပွဲ ကျန်ရှိသေးချိန်မှာ သူတို့ရဲ့ ၂၉ ကြိမ်မြောက် လာလီဂါဖလားကို ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာအသင်းအတွက် ဂိုးတွေကို ရက်ရှ်ဖို့ဒ်နဲ့ ဖယ်ရန်တောရက်စ်တို့က သွင်းယူခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၂ နေရာက ရီးရယ်လ်အသင်းကို ၁၄ မှတ် ဖြတ်နိုင်ခဲ့တဲ့အတွက် လာလီဂါဖလားကို ၂ ရာသီဆက်တိုက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ဟာ ဒီပွဲမတိုင်မီမှာ သူ့ရဲ့ဖခင် ကွယ်လွန်သွားခဲ့ပေမယ့် အသင်းကို ကိုင်တွယ်ပြီး လာလီဂါဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းကစားသမားတွေဟာ သွင်းဂိုးတွေ သွင်းယူအပြီးမှာ နည်းပြ ဟန်ဆီဖလစ်နဲ့အတူ အောင်ပွဲခံခဲ့ ပြီး ပွဲအပြီးမှာ နည်းပြကို လေပေါ်မြှောက်ကာ အောင်ပွဲခံခဲ့ကြပါတယ်။

ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်း ယှဉ်ပြိုင်နေစဉ်
ဟန်ဆီဖလစ်က “ခက်ခဲတဲ့ နေ့တစ်နေ့ဖြစ်ပြီး ဒီနေ့ကို ဘယ်တော့မှမေ့နိုင်မှာ မဟုတ်ပါဘူး။ လူတိုင်းကို ကျေးဇူး တင်ပြီး၊ အရာအားလုံးအတွက် ကျေးဇူးတင်သလို အမှန်တကယ်ကို တိုက်ပွဲဝင်ပေးတဲ့ အတွက်လည်း ကျေးဇူးတင် ပါတယ်။ အရာအားလုံးကို နှစ်သက်ပြီး ဒါက မိသားစုတစ်စုလိုပါပဲ”လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဟန်ဆီဖလစ်က ချန်ပီယံလိဂ်ဖလား ရယူချင်တဲ့အသင်း ရည်မှန်းချက်ဟာ အောင်မြင်နိုင်မှာဖြစ်ပြီး အိပ်မက်တွေ ပိုများလာတာက လာမယ့်ရာသီအတွက် ကောင်းမွန်တယ်လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ရမှတ် ၁၀၀ ရယူပြီး အဆုံးသတ်ဖို့က နောက်ထပ် ရည်မှန်းချက် ဖြစ်တယ်လို့လည်း နည်းပြဟန်ဆီဖလစ်က ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လာလီဂါပွဲစဉ် ၃၅ ပွဲကစားအပြီးမှာ ၉၁ မှတ် ရရှိထားပြီး လက်ကျန် ၃ ပွဲစလုံးကို နိုင်ပွဲရယူ နိုင်ခဲ့ရင် ရမှတ် ၁၀၀ နဲ့အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။
Source: BBC
