CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂
ဘာစီလိုနာအသင်းက ဆလားဗီးယားအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်လူ ပက်ဒရီ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာက သတင်းကောင်း မဟုတ်ဘူးလို့ နည်းပြ ဟန်ဆီဖလစ်က ပြောခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ပက်ဒရီ ဘာဖြစ်လဲဆိုတာ ကျနော် အတိအကျ မသိပေမယ့် ဒါက တံကောက်ကြောပါပဲ။ ဒီလို အရာတွေဟာ ဖြစ်လေ့ရှိပြီး သူဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ ကျနော် မသိပါဘူး။ သတင်းကောင်း မဟုတ်တဲ့အတွက် ကျနော်တို့စောင့်ကြည့်ရမှာပါ”လို့ ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။
ဖာမင်လိုပက်ဇ်ရဲ့ ၂ ဂိုး၊ အော်လ်မိုနဲ့ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့် ဘာစီလိုနာအသင်းဟာ နိုင်ပွဲရယူ နိုင်ခဲ့ပေမယ့် အဓိက ကွင်းလယ်လူ ပက်ဒရီကို ဒုတိယပိုင်းအစမှာ လူစားလဲခဲ့ရပါတယ်။
စပိန်ကွင်းလယ်လူရဲ့ ဒဏ်ရာပြင်းထန်မှု အခြေအနေကို သိနိုင်ဖို့ ဘာစီလိုနာမှာ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ရှိနေ တာပါ။

ဘာစီလိုနာအသင်းကို တွေ့ရစဉ်
ပက်ဒရီဟာ ဒီရာသီအစပိုင်းမှာ တံကောက်ကြော ဒဏ်ရာကြောင့် ၅ ပွဲ လွဲချော်ခဲ့သလို ဒီဇင်ဘာလထဲမှာ ခြေသလုံး ဒဏ်ရာကြောင့် နောက်ထပ် အနားယူခဲ့ရပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ် အမှတ်ပေးဇယားအဆင့် ၉ နေရာ ရပ်တည်နေပြီး ထိပ်ဆုံး ၈ သင်းထဲကို ဝင်ရောက်နိုင်ဖို့ နောက်ဆုံးပွဲမှာ အနိုင်ရလဒ်ရယူရမှာပါ။
ဘာစီလိုနာအသင်းဟာ နောက်ဆုံးပွဲအဖြစ် ကိုပင်ဟေဂင်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်း နည်းပြ ဟန်ဆီဖလစ်က ဒီပွဲဟာ လွယ်ကူမှာ မဟုတ်တဲ့အတွက် အကောင်းဆုံး ကြိုးစားရမှာ ဖြစ်ပြီး ထိပ်ဆုံး ၈ သင်းထဲဝင်နိုင်ဖို့ အခွင့်အရေး ကောင်းရှိတယ်လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ လာလီဂါပွဲမှာ ဆိုစီဒက်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် အိုဗီဒိုအသင်းနဲ့ လိဂ်ပွဲ မှာ အနိုင်ရလဒ် ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: ESPN
