CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂

လီဗာပူးလ်အသင်းဂန္ထဝင် စတီဗင်ဂျရတ်က နည်းပြအာနီဆလော့ အနေနဲ့ အင်တာဗျူးတွေမှာ အသင်းရဲ့ အားနည်းချက်အကြောင်းကို ညည်းညူနေတာ ရပ်တန့်ပြီး ဖြေရှင်းချက်ရှာဖွေဖို့ ပြောခဲ့ပါတယ်။ 

စတီဗင်ဂျရတ်က “သူ့အနေနဲ့ ခံစစ်ပိတ် ကစားခြင်း အကြောင်းပြောတာကို ရပ်တန့်ဖို့လိုပါတယ်။ ကျနော် ကစား ခဲ့တဲ့ အချိန်မှာရော ဒီမတိုင်ခင် နှစ်ပေါင်းများစွာကတည်းက လီဗာပူးလ်အသင်းဟာ ဒီလိုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အသင်းတွေဟာ လီဗာပူးလ်အသင်းကို ရပ်တန့်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြမှာပါ။ အဓိကကတော့ ဖြေရှင်းချက် ရှာဖွေဖို့ပါ။ ဒီလိုပြောနေတာက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး”လို့ TNT Sports မှာ ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်းက မာဆေးလ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ အပြီးမှာ သူ့အသင်းဟာ ဒီလိုစွမ်းဆောင်ရည်မျိုး မကြာခဏ မပြသနိုင်အောင် ခံစစ်ပိတ်ကစားခြင်း (low block) နဲ့ ရင်ဆိုင်နေရတယ်လို့ နည်းပြအာနီဆလော့က ပြောခဲ့ပါတယ်။ 

အာနီဆလော့က သူ့အသင်းဟာ ဒီရာသီမှာ တသမတ်တည်း မရှိတာက low block အသင်းတွေနဲ့ ရင်ဆိုင်ချိန်မှာ ရုန်းကန်နေရတာကြောင့် ဖြစ်တယ်လို့ ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်

စတီဗင်ဂျရတ်က အိမ်ရှင် မာဆေးလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးလ်အသင်း ကစားသမားတွေ ဆီကနေ အကောင်းဆုံးပုံစံတွေ ရယူနိုင်ခဲ့တဲ့ နည်းပြအာနီဆလော့ကို ချီးကျူးခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဆို့ဘို့ဆလိုင်း၊ ဂတ်ပိုနဲ့ မာဆေးလ်အသင်း ကစားသမားရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု ကြောင့် မာဆေးလ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာ ရပ်တည် နေပါတယ်။

လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ လီဗာပူးလ်အသင်းဟာ နောက်ဆုံးပွဲဖြစ်တဲ့ ကာရာဘတ် အသင်းနဲ့ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ရင် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တိုက်ရိုက်တက်နိုင်မှာပါ။ 

လီဗာပူးလ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Dailymail