CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃

လီဗာပူးလ်အသင်းဟာ ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ရဲ့ နေရာမှာ ဘုန်းမောက်အသင်းကနေ ထွက်ခွာခဲ့တဲ့ စပိန်လူမျိုးနည်းပြ အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ 

အီရာအိုလာဟာ ဘုန်းမောက်အသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ လီဗာပူးလ်အသင်း အားကစားဒါရိုက်တာ ရစ်ချတ်ဟုချ်စ်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် လာမယ့်ရက်ပိုင်းအတွင်း လီဗာပူးလ် အသင်းရဲ့ နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခံရမှာပါ။ 

လီဗာပူးလ်အသင်းဟာ နည်းပြအာနီဆလော့ကို ထုတ်ပယ်ပြီးနောက် နည်းပြသစ် ရှာဖွေချိန်မှာ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်အသင်းကို ပရီးမီးယားလိဂ်အဆင့် ၆ နေရာမှာ ရပ်တည်ပြီး ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင် ခွင့်ရအောင် ကိုင်တွယ်ပေးခဲ့တဲ့ အီရာအိုလာကို အဓိက ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

အီရာအိုလာဟာ လီဗာပူးလ်အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်မယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။ 

 အီရာအိုလာနဲ့ နည်းပြအဖွဲ့ကို တွေ့ရစဉ်

အီရာအိုလာဟာ သူ့ရဲ့နည်းပြဘဝ တစ်လျှောက် ကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာ နှစ်ရှည် စာချုပ်တွေ ချုပ်ဆိုလေ့ မရှိဘူးလို့ သိရပါတယ်။ 

စပိန်လူမျိုးနည်းပြဟာ ဘုန်းမောက်အသင်းမှာ သူ့ရဲ့ လက်ထောက် နည်းပြတွေဖြစ်တဲ့ အယ်လ်ဖစ်နဲ့ ရှောင်ကူးပါး တို့ကို လီဗာပူးလ်အသင်းထံ ခေါ်ယူချင်နေပြီး အယ်လ်ဖစ်ဟာ လီဗာပူးလ်အသင်းရဲ့ အမာခံပရိသတ် တစ်ဦး ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဂန္ထဝင် စတီဗင်ဂျရတ်က အီရာအိုလာရဲ့ ကစားပုံစတိုင်ဟာ လီဗာပူးလ်အသင်းနဲ့ ကိုက်ညီ လိမ့်မယ်လို့ထင်ကြောင်း TNT Sports ကို ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ငွေကြေး အများအပြား သုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့်ခဲ့ပေမယ့် ဆုဖလားလက်မဲ့ ဖြစ်ခဲ့တာကြောင့် ရာသီသစ်မှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဇူလိုင်လမှာ ရာသီကြို လေ့ကျင့်မှုတွေ ပြန်လည် စတင်မှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ခြေစမ်းပွဲတွေကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။  

Source: ESPN