CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃

ယူနိုက်တက်အသင်းဟာ စီးရီးအေကလပ်အတ္တလန်တာအသင်းရဲ့ဘရာဇီးလ်ကွင်းလယ်လူ အီဒါဆန်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ 

အီဒါဆန်ဟာ ယူနိုက်တက်အသင်းနဲ့ ၄ နှစ်စာချုပ်ချုပ်မှာ ဖြစ်ပြီး နောက်ထပ် ၁ နှစ်သက်တမ်းတိုးခွင့်ပါဝင်မှာပါ။

ယူနိုက်တက်အသင်းဟာ ရာသီကြိုလေ့ကျင့်မှုတွေပြန်မစတင်မီ ဇူလိုင်လအစောပိုင်းမှာ အီဒါဆန်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်မှာ ဖြစ်ပါတယ်။ 

အီဒါဆန်ဟာ နည်းပြမိုက်ကယ်ကာရစ်လက်ထက်မှာ ယူနိုက်တက်အသင်း ပထမဆုံးခေါ်ယူတဲ့ ကစားသမား ဖြစ်လာပြီး အသင်းဟာ ဒီအပြောင်းအရွှေ့အတွက် ပေါင် ၃.၉ သန်းထပ်ပြီးပေးချေရမှာပါ။

ယူနိုက်တက်အသင်းဟာ ကတ်စီမီရိုထွက်ခွာခဲ့တာကြောင့် ကွင်းလယ်နေရာမှာ ကစားသမား ၃ ဦးအားဖြည့် ဖို့ရှိနေပြီး အီဒါဆန်ဟာ ပထဆုံးခေါ်ယူမှုဖြစ်ခဲ့ပါတယ်။ 

ဘရာဇီးလ်အသင်းအတွက် ၃ ပွဲပါဝင်ကစားထားတဲ့ အသက် ၂၆ နှစ်အရွယ်ရှိအီဒါဆန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာတော့ ချန်လှပ်ခြင်းခံခဲ့ရတာပါ။ 

အီဒါဆန်ကိုတွေ့ရစဉ်

အီဒါဆန်ဟာ ကွင်းလယ်နေရာစုံမှာ အံ့ဝင်နိုင်အောင်ကစားပြီး အတ္တလန်တာအသင်းအတွက် ပွဲပေါင်း ၁၈၀ ပါဝင် ကစားထားတာမှာ ၁၆ ဂိုးသွင်းယူပြီး ၂၀၂၃-၂၄ ရာသီက ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ မာတီးယက်စ် ဖာနန်ဒက်စ်ကိုလည်း ပစ်မှတ်ထားနေပြီး နော်တင်ဟမ်ဖောရက်စ် အသင်းကွင်းလယ်လူ အန်ဒါဆန်ကတော့ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ချင်နေတာပါ။ 

ယူနိုက်တက်အသင်းရဲ့နွေရာသီမှာ ခေါ်ယူမယ့်စာရင်းထဲမှာ နယူးကာဆယ်အသင်းနောက်ခံလူ လူးဝစ်ဟောလ် လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ လူစာရင်းအင်အား ပိုပြီး  တောင့်တင်းအောင် အားဖြည့်မှုတွေပြုလုပ်ဖို့ ဈေးကွက်ထဲမှာ ရှာဖွေနေတာ ဖြစ်ပါတယ်။