CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

ဆားဘီးယားအသင်းကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားတဲ့ နေမာရဲ့ဒဏ်ရာကို အကဲဖြတ်ဖို့ စောင့်ဆိုင်းရမယ်လို့ ဘရာဇီးလ်အသင်းဆရာဝန် ရိုဒရီဂိုလက်စ်မာက ပြောပါတယ်။

ရိုဒရီဂိုလက်စ်မာက “သူ့ရဲ့ ညာဘက်ခြေကျင်းဝတ်က အနည်းငယ်ရောင်ရမ်းနေပါတယ်။သူဘယ်လိုတုံ့ပြန်မလဲ ဆိုတာ ကြည့်ရဖို့က အရေးကြီးပါတယ်။ကုသမှုကို စတင်လုပ်ဆောင်နေပြီး စိတ်အေးအေးထားကာ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်လက်ပါဝင်နိုင်ဖို့ သံသယရှိလားဆိုရင်တော့ ပြောဖို့ စောပါသေး ပါတယ်။မနက်ဖြန်မှာ အကဲဖြတ်မှုအသစ်ပြုလုပ်မယ်၊အဲဒါကိုစောင့်ဆိုင်းရမှာပါ” လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

နေမာဟာ ဒီပွဲမှာ ဆားဘီးယားကစားသမားတွေရဲ့ ပြစ်ဒဏ်ဘောကျူးလွန်မှု ၉ ကြိမ်အထိ ခံခဲ့ရပြီး နာကျင် နေပေမယ့် ပွဲချိန် ၇၉ မိနစ်အထိ ကစားခဲ့တာဖြစ်ပါတယ်။နေမာဟာ ကုသမှုခံယူချိန် အရန်ခုံတန်းပေါ်မှာ ငိုကြွေး နေခဲ့တာပါ။ဘရာဇီးလ်ကစားသမားရဲ့ ခြေကျင်းဝတ်ရောင်ရမ်းနေတာကြောင့် ပွဲအပြီး အဝတ်စားလဲခန်း သွား ရောက်တာမှာ ထော့နဲ့ထော့နဲ့ သွားနေခဲ့တာဖြစ်ပါတယ်။

ဘရာဇီးနည်းပြ တိုင်တီကတော့ နေမာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်ပြီးကစားနိုင်မယ်ဆိုတာကို ယုံကြည်မှုအပြည့် ရှိနေတာပါ။တိုင်တီက “နေမာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်ကစားနိုင်မယ်ဆိုတာ သေချာပါတယ်။ဒါကို သေချာ ပေါက် ပြောနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။နေမာဟာ ဘရာဇီးလ်အသင်းရဲ့ အဓိကကစားသမားဖြစ်ပြီး အသင်းကို ဦးဆောင်နေတဲ့ ကစားသမားတွေထဲကတစ်ဦးလည်း ဖြစ်တာပါ။

ဘရာဇီးလ်အသင်းဟာ ဒီပွဲမှာ ဆားဘီးယားအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ၂ ဂိုးစလုံးကို ရစ်ချာလီ ဆန်က သွင်းယူခဲ့တာဖြစ်ပါတယ်။ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ဖို့ ရေပန်းစားနေတဲ့ ဘရာဇီးလ်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် တနင်္လာနေ့မှာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ဆွစ်ဇာလန်အသင်းကတော့ အုပ်စု အဖွင့်ပွဲစဉ်မှာ ကင်မရွန်းအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။

Source:Metro