CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀

နေမာက ဘရာဇီးလ်အသင်းဟာ ခရိုအေးရှားအသင်းကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလားကနေ ထွက်ခွာရပြီးနောက် လက်ရွေးစင်အသင်းကနေ အနားယူနိုင်တယ်လို့ ပြောလိုက်ပါတယ်။

နေမာက “ ကျနော် နိုင်ငံလက်ရွေးစင်အတွက် တံခါးကို မပိတ်ထားပါဘူး။ ဒါပေမယ့် ပြန်လာမယ်လို့လည်း ၁၀၀ ရာခိုင်နှုန်းပြည့် အာမခံချက် မပေးနိုင်ပါဘူး။ ကျနော်နဲ့ နိုင်ငံအသင်းအတွက် ဘယ်အရာက မှန်ကန်လဲဆိုတာကို အနည်းငယ် ထပ်စဉ်းစားဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။

ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဖြစ် ကစားခဲ့တဲ့ ခရိုအေးရှား အသင်းနဲ့ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ၂ ကြိမ်ဆက် ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ နေမာဟာ ဒီပွဲရဲ့ အချိန်ပိုမှာ ဘရာဇီးလ်အတွက် ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ခရိုအေးရှား အသင်းဘက်က ပွဲပြီးကာနီးမှာ ချေပဂိုး သွင်းယူခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။

ပင်နယ်တီမှာ ခရိုအေးရှား အသင်းဘက်က ၄ ဂိုးစလုံး ဝင်ခဲ့ပြီး ဘရာဇီးလ်အသင်းဘက်က ရိုဒရီဂိုနဲ့ မာကွင်ဟိုစ်တို့ ဂိုး မဝင်ခဲ့တာကြောင့် ခရိုအေးရှားအသင်း အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းနဲ့ ခရိုအေးရှားအသင်း ယှဉ်ပြိုင်နေစဉ် (Marca)

နေမာကတော့ ဒီပြိုင်ပွဲမှာ ဆုဖလားရယူနိုင်ဖို့ အများကြီး မျှော်လင့်ထားခဲ့ပေမယ့် ဖြစ်မလာတာကြောင့် ပွဲအပြီးမှာ ငိုကြွေးနေခဲ့တာပါ။ နေမာဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစား သမားဖြစ်တဲ့ ပီလီရဲ့ ဂိုးသွင်းစံချိန် ၇၇ ဂိုးနဲ့အရေအတွက် တူညီသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးဟာ ဒီပြိုင်ပွဲ မစတင်ကတည်းက ဒီကမ္ဘာ့ဖလားဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာနိုင်တယ်လို့ ပြောထားခဲ့တာပါ။

နေမာဟာ အုပ်စုအဖွင့်ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပေမယ့် အသင်းအတွက် ပြန်ကစားနိုင်ဖို့အတွက် ဒဏ်ရာ ကနေ သက်သာအောင် ကြိုးစားလုပ်ဆောင်ခဲ့လို့ တောင်ကိုရီးယားနဲ့ ၁၆ သင်း အဆင့်ပွဲစဉ်မှာ ပြန်လည် ပါဝင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဘရာဇီးလ်ကို အနိုင်ရခဲ့တဲ့ ခရိုအေးရှားအသင်းကတော့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal