CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ပင်နယ်တီ ကန်သွင်းမှုနဲ့ ပတ်သက်ပြီး အငြင်းအခုံ ဖြစ်ခဲ့ပေမယ့် နေမာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ဘတ်ပီက ပြောပါတယ်။

ဘတ်ပီက “ ကျနော်တို့ရဲ့ ဆက်ဆံရေးက အမြဲတမ်း ဒီလိုပါပဲ။ အနည်းငယ် နွေးထွေးတဲ့ အခိုက်အတန့်တွေရှိသလို အေးတိအေးစက်ဖြစ်တဲ့ အချိန်တွေလည်း ရှိပါတယ်။ တစ်ခါတလေမှာ ကျနော်တို့ဟာ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ပြီး တချို့အချိန်တွေမှာဆို စကားပြောနည်းကြပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ လေးစားမှုရှိပါတယ်။ အသင်းမှာ ဒီလို ကစားသမားတွေ ရှိရင်တော့ ပြဿနာဖြစ်တက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်းလေးစား မှုရှိပါတယ်”လို့ ပြောပါတယ်။

နေမာနဲ့ ဘတ်ပီတို့ဟာ မောင့်ပယ်လီယာကို အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ပင်နယ်တီ ကန်သွင်းမှုနဲ့ ပတ်သက်ပြီး အငြင်းအခုံ ဖြစ်ခဲ့ကြပါတယ်။

ပင်နယ်တီ ကန်ဖို့ လုနေကြတဲ့ နေမာနဲ့ဘတ်ပီ

ဘတ်ပီဟာ ဒီပွဲမှာ ပီအက်စ်ဂျီအသင်း ပထမဆုံးပင်နယ်တီ ကန်သွင်းမှုရခဲ့တာကို ကန်သွင်းတာမှာ လွဲချော်သွားခဲ့ တာပါ။ နောက်ထပ်တစ်ကြိမ် ပင်နယ်တီ ကန်သွင်းခွင့်ရတဲ့အချိန်မှာ ဘတ်ပီက ကန်သွင်းချင်ခဲ့ပေမယ့် နေမာက ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေ ရှိခဲ့ကြတာပါ။

နောက်ပိုင်းပွဲတွေမှာတော့ ၂ ဦးသား ပြန်အဆင်ပြေ သွားခဲ့ကြပြီး လီဂူးဝမ်းပြိုင်ပွဲမှာ ၇ ဂိုးစီ သွင်းယူထားကာ ဂိုး သွင်း အများဆုံး ကစားသမားတွေအဖြစ် ထိပ်ဆုံးမှာ ဦးဆောင်နေခဲ့ပါတယ်။ မက်ဆီကလည်း သူတို့ ၂ ဦး ဂိုးသွင်း ယူမှုတွေ ပြုလုပ်နိုင်အောင် ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထား နိုင်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ လီဂူးဝမ်း ၆ ပွဲကစားအပြီးမှာ ၂၄ ဂိုး သွင်းယူထားကာ ဂိုးသွင်းစွမ်းရည်ကို ပြသထား တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ် အပါအဝင် ဆုဖလားအားလုံးကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပြီး ပိုချက်တီနိုကို ထုတ်ပယ်ကာ ဂယ်လ်တီယာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။

ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ်မှာ လီဂူးဝမ်းပွဲစဉ်အဖြစ် ဘရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA