CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီဟာ ဂျူဗင်တပ်စ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တစ်ခုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီက ဂျူဗင်တပ်စ်ကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘတ်ပီဟာ မက်ဆီရဲ့ ဖန်တီးပေးမှုကနေ ဂိုးသွင်းယူပြီးနောက် စံချိန်သစ်တင်ခဲ့တာပါ။ဘတ်ပီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၄၀ ပြည့်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။အရင်က ဒီစံချိန်ကိုတင်ထားခဲ့သူကတော့ ပီအက်စ်ဂျီအသင်းဖော် မက်ဆီဖြစ်ပြီး ၂၀၁၁ နိုဝင်ဘာလက အသက် ၂၄ နှစ်၊ ၁၃၀ ရက်နဲ့ တင်ထားခဲ့တာပါ။

အခု ဘတ်ပီက အသက်၂၃ နှစ်နဲ့ ၁၃၇ ရက်သာ ရှိသေးတာကြောင့် မက်ဆီရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။ဘတ်ပီဟာ ဒီလို သမိုင်းမှတ်တိုင်စိုက်ထူနိုင်တဲ့ ၁၇ ဦးမြောက် ကစားသမား ဖြစ်ခဲ့ပြီး ပြင်သစ်ကစားသမားအနေနဲ့ဆိုရင် ၃ ဦးမြောက်ကစားသမား ဖြစ်ခဲ့တာပါ။သူ့ရဲ့ အထက်မှာ အွန်နရီ ဂိုး ၅၀ နဲ့ ဘန်ဇီမာ ၈၆ ဂိုးတို့ ဖြစ်ပါတယ်။

ဘတ်ပီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့လို့ ဒီရာသီ ချန်ပီယံလိဂ်သွင်းဂိုး ၇ ဂိုးအထိ ရှိသွားခဲ့ပြီး လီဗာပူးလ်တိုက်စစ်မှူး ဆာလတ်နဲ့အတူ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာပါ။ ပြင်သစ် တိုက်စစ်မှူးဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၈ ပွဲကစားအပြီးမှာ ၁၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ ပါတယ်။ပီအက်စ်ဂျီအသင်းဟာ ဂျူဗင်တပ်စ်အသင်းကို အနိုင်ရခဲ့ပေမယ့် အုပ်စုတွင်း အခြားပွဲမှာ ဘင်ဖီကာ အသင်းက မက္ကာဘီဟိုင်ဖာအသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့တာပါ။

အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ အုပ်စုဒုတိယနဲ့ ၁၆ သင်းအဆင့်တက်နိုင်ခဲ့တာဖြစ်ပြီး မဲခွဲမှုမှာ အသင်းကြီး တွေနဲ့ တွေ့ဆုံနိုင်တာပါ။ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ် လီဂူးဝမ်းပွဲစဉ်အဖြစ် လော်ရီးယန့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ESPN