CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇

ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားတယ်ဆိုတဲ့ သတင်းတွေက လုံးဝ အမှားတွေ ဖြစ်တယ်လို့ ဘတ်ပီက ပြောလိုက်ပါတယ်။

ဘတ်ပီက “ ဇန်နဝါရီမှာ ထွက်ခွာခွင့်ပေးဖို့ ကျနော် မတောင်းဆိုခဲ့ပါဘူး။ ဒီသတင်းတွေကြောင့် တခြားသူတွေလိုပဲ ကျနော်လည်း အံ့သြမိပါတယ်။ လူတွေက ဒီမှာ ကျနော် ပါဝင်နေတယ်လို့ ထင်နိုင်ပေမယ့် လုံးဝမပါဝင်ဘူး။ ဒီလို သတင်းတွေကို ကြားလိုက်ရတဲ့အချိန်မှာ ကျနော်တို့ အားလုံးလည်း အံ့သြသွားခဲ့ ကြပါတယ်။ ဒါပေမယ့် ကျနော် တို့ ဒါကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ပွဲတစ်ပွဲ ကစားခဲ့ပါတယ်။ ဒီသတင်းတွေက လုံးဝအမှားတွေလို့ပဲ ကျနော် ပြောချင် ပါတယ်။ ဒီမှာ ကျနော် အလွန်ပျော်ရွှင် နေပါတယ်”လို့ မာဆေးလ်နဲ့ ပွဲအပြီး သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဘတ်ပီဟာ ပြီးခဲ့တဲ့ မေလကမှ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ၃ နှစ် စာချုပ်ချူပ်ဆိုခဲ့တာ ဖြစ်ပေမယ့် အသင်းနဲ့ ကွင်းအတွင်းမှာရော ကွင်းပြင်ပမှာပါ ဆက်ဆံရေး အဆင်မပြေတာကြောင့် ထွက်ခွာချင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီနဲ့ နေမာကိုတွေ့ရစဉ် (Get French Football)

ဒါ့အပြင် ဘတ်ပီနဲ့ နေမာတို့ရဲ့ ဆက်ဆံရေး အပေါ်မှာလည်း မီဒီယာတွေက အမြဲတစေ မေးခွန်းထုတ်ခဲ့ကြပြီး ဘတ်ပီက နေမာကို အသင်းက ထွက်ခွာ စေချင်နေတယ်လို့ ဖော်ပြခဲ့ကြတာပါ။ ဘတ်ပီဟာ ဒီသတင်းတွေ အပေါ်မှာလည်း ငြင်းဆန်မှုတွေ ပြုလုပ်ထားပါတယ်။

မာဆေးလ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲမှာဆိုရင် နေမာ သွင်းယူခဲ့တဲ့ ဂိုးကို ဘတ်ပီက ဖန်တီးပေးခဲ့တာပါ။ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ၁၄ ပွဲ ပါဝင် ကစားထားပြီး ၁၂ ဂိုးသွင်းယူကာ ၁ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မာဆေးလ်အသင်းကို အနိုင်ရခဲ့တဲ့အတွက် ဒုတိယနေရာက လော်ရီးယန့်အသင်းကို ၃ မှတ်ဖြတ်ပြီး လီဂူးဝမ်းအမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အခုလ ၂၁ ရက်မှာ လီဂူးဝမ်း ပွဲစဉ်အဖြစ် အေဂျက်ဆီယို၊ ၂၅ ရက်မှာ ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် မက္ကာဘီဟိုင်ဖာ အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal