CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇

ဘာစီလိုနာအသင်း ဥက္ကဋ္ဌ လာပေါ်တာဟာ အယ်လ်ကလက်ဆီကိုပွဲစဉ်မှာ ရီးရယ်လ်အသင်းကို အရေးနိမ့်ပြီးနောက် ဒီပွဲကိုကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးတွေနဲ့ သူတို့ရဲ့ အဝတ်လဲခန်းမှာ ထိပ်တိုက်တွေ့ ခဲ့တယ်လို့ သိရပါတယ်။

ဒီရာသီရဲ့ ပထမဆုံး အယ်လ်ကလက်ဆီကိုပွဲစဉ်အဖြစ် ဘာနေဗျူးမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ရီးရယ်လ် အသင်း က ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ဒီပွဲအနိုင်ကြောင့် ရီးရယ်လ်အသင်းဟာ လာလီဂါအမှတ်ပေး ဇယားကို ၃ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်း ဥက္ကဋ္ဌ လာပေါ်တာက ဒီပွဲမှာ ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည်ကို အလွန်စိတ်ပျက်နေတာကြောင့် ပွဲအပြီးမှာ သူတို့ဆီသွားပြီး တိုက်ရိုက်တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

ဒိုင်လူကြီးတွေရဲ့ ပွဲအပြီးအစီရင်ခံစာမှာ လာပေါ်တာဟာ သူတို့ရဲ့ အဝတ်လဲခန်းထဲကို ရောက်ရှိလာခဲ့ပြီး “ပွဲစဉ်အတွင်း အခြေအနေတချို့နဲ့ ပတ်သက်လို့ ဖြေရှင်းချက်ပေးဖို့ ထပ်ခါတလဲလဲတောင်းဆိုခဲ့တယ်” လို့ ဖော်ပြခဲ့ပါတယ်။ဒီပွဲမှာ ဘာစီလိုနာအသင်းက ကစားသမားနှစ်ဦးနဲ့ နည်းပြအဖွဲ့ဝင်တစ်ဦး အဝါကတ် ပြသခံခဲ့ရတာပါ။အင်တာမီလန်ကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ကတည်းက ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေ ကို ထောက်ပြခဲ့တဲ့ ဘာစီလိုနာနည်းပြ ဇာဗီဟာ ဒီတစ်ကြိမ်မှာတော့ မှတ်ချက်ပေးခြင်းမရှိခဲ့ပါဘူး။

ဇာဗီက “တစ်ခါတစ်ရံ ဆိုးရွားတဲ့ လမ်းကြောင်းပေါ်မှာ ကိုယ့်ကိုကိုယ်တွေ့ရပေမယ့် ကံကောင်းတာက ဒါက ၃ မှတ်ပါပဲ။ကျနော်တို့ ကြိုးစားခဲ့သလို ယုံကြည်မှုကိုလည်း ပြသခဲ့ပါတယ်။လာလီဂါပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာမှာ ဆက်ရှိဖို့ အခွင့်အရေးကောင်းတစ်ခုက ဖြစ်မလာခဲ့ပါဘူး။ကျနော်တို့ ထိပ်ဆုံးရောက် နေတဲ့အချိန်မှာ ဒါကို အခွင့်အရေးမယူနိုင်ခဲ့ပါဘူး။မက်ဒရစ်ရဲ့ ခံစစ်ပိုင်းကကောင်းမွန်ခဲ့ပြီး ကျနော်တို့က ဘာမှမလုပ်နိုင်ခဲ့ဘူး”လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့်ရက်ပိုင်းတွေအတွင်းမှာ လာလီဂါပွဲစဉ်အဖြစ် ဗီလာရီးရယ်လ်၊ ဘီလ်ဘာအိုတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်မှာတော့ ချန်ပီယံလိဂ်အရေးကြီး ပွဲစဉ် အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal