CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၉

အူဘာမီယန်းဟာ တနင်္လာနေ့ မနက်ပိုင်းက ဘာစီလိုနာရှိ နေအိမ်မှာ လက်နက်ကိုင် ဓါးပြတိုက်မှု ဖြစ်ပွားခဲ့တာမှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရတယ်လို့ စပိန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

အူဘာမီယန်းရဲ့ နေအိမ်ထဲကို သေနတ်တွေ၊ သံတုံးတွေ ကိုင်ဆောင်ထားတဲ့ အနည်းဆုံး အမျိုးသား ၄ ဦး ဝင် ရောက်ခဲ့တာလို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်သူတွေဟာ အူဘာမီယန်း ကို မရိုက်နှက်ခင် သူနဲ့ ဇနီးသည်တို့ကို ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီရန်လို တိုက်ခိုက်သူတွေဟာ လက်ဝတ်ရတနာ အပိုင်းအစတွေ အပါအဝင် တန်ဖိုးကြီးပစ္စည်း အများအပြားကို ယူဆောင်ကာ Audi A3 ကားနဲ့ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ သိရတာပါ။

အူဘာမီယန်းနဲ့ ဇနီးသည်တို့ဟာ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ထံ အကြောင်းအရာ အသေးစိတ်တွေကို ပြောပြထားတယ်လို့ စပိန်သတင်းစာ El Pais က ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ဟာ လက်ရှိ အချိန်မှာ ဓါးပြတွေကို ဖော်ထုတ်နိုင်ဖို့ ရှာဖွေမှုတွေ ပြုလုပ်နေကြပါတယ်။

အူဘာမီယန်းနဲ့ ဇနီးသည် (Vigour Times)

ဘောလုံးသမားတွေရဲ့ နေအိမ်တွေဟာ မကြာခဏဆိုသလို လုယက်ခံနေရပေမယ့် ဘောလုံးသမားတွေ အိမ်မှာ မရှိတဲ့အချိန်နဲ့ ပွဲကစားနေတဲ့အချိန်မှာ ဒါတွေဟာ ဖြစ်တက်ပါတယ်။

အူဘာမီယန်းဟာ အာဆင်နယ်ကနေ ထွက်ခွာပြီးနောက် အခုနှစ် အစောပိုင်းက ကတ်တလိုနီးယားကို ပြောင်းရွှေ့ ခဲ့ပေမယ့် လက်ရှိအချိန်မှာ နူးကမ့်ပ် အနာဂတ်နဲ့ ပတ်သက်ပြီး မရေမရာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဘာစီလိုနာအသင်းဟာ အခုအပြောင်းအရွှေ့မှာ လီဝန်ဒေါစကီးကို ခေါ်ယူထားခဲ့တာကြောင့် ဂါဘွန် လက်ရွေးစင် ဟာ စပိန်ကလပ်မှာ ပွဲကစားခွင့်ရရှိဖို့ အာမခံချက် မရှိတော့ဘဲ ဖြစ်နေပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေတာပါ။

ချယ်လ်ဆီးအသင်းဟာ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ တီမိုဝါနာတို့ကို ထွက်ခွာခွင့် ပေးပြီးနောက် အူဘာမီယန်းကို ခေါ်ယူပြီး တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အူဘာမီယန်းဟာ ဘာစီလိုနာအသင်း နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၂ ပွဲစလုံး လူစားဝင် ကစားသမားအဖြစ် တောင် ပါဝင်ခွင့် မရခဲ့ပါဘူး။

Source: Mirror