CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄

ချယ်လ်ဆီးအသင်း တိုက်စစ်မှူး အူဘာမီယန်းက အသင်းဟောင်း အာဆင်နယ်နဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲလို့ ပြောပြီး သတိပေး လိုက်ပါတယ်။

အူဘာမီယန်းက “အဆင်နယ်ရေ ပုဂ္ဂိုလ်ရေး ခံစားချက် ဘာမှမရှိတော့ပါဘူး။ အပြာရောင် ကစားသမားအဖြစ်နဲ့ ကျနော် ပြန်လာပါပြီ။ ရင်ဆိုင်ဖို့ ကျနော် အဆင်သင့်ပါပဲ”လို့ BT Sport ရဲ့ ပရိုးမိုးရှင်း ဗွီဒီယိုမှာ ပြောခဲ့တာပါ။

အူဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် ၁၆၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၉၂ ဂိုး သွင်းယူကာ အခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းကာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ အူဘာမီယန်းဟာ အာဆင်နယ်အသင်းမှာ ၄ နှစ်ကြာ ကစားခဲ့ပေမယ့် စည်းကမ်းပိုင်း ဆိုင်ရာ ဖောက်ဖျက်မှုတွေကြောင့် နည်းပြ အာတီတာ လက်ထက်မှာ အသင်းခေါင်းဆောင် ရာထူးက ဖယ်ရှား ခံခဲ့ရတာပါ။

အဲ့ဒီနောက်မှာ အာတီတာနဲ့ အဆင်မပြေမှုတွေ ရှိတာကြောင့် အာဆင်နယ်ကနေ ထွက်ခွာခဲ့ပြီး စပိန်ကလပ် ဘာစီလိုနာ အသင်းမှာ သွားရောက် ကစားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ အူဘာမီယန်း ကစားခဲ့စဉ် (Metro)

ဘာစီလိုနာအသင်းမှာ ၆ လကြာရှိပြီးနောက် အူဘာမီယန်းဟာ အာဆင်နယ်အသင်းရဲ့ လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းထံ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ဂါဘွန် လက်ရွေးစင်ဟောင်းဟာ ချယ်လ်ဆီးအသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

အူဘာမီယန်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းဟောင်း အာဆင်နယ်အသင်းနဲ့ ပြန်လည် ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပတ်က ပရီးမီးယားလိဂ်ပွဲမှာ ဘရိုက်တန် အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီး နည်းပြ ဂရေဟမ်ပေါ်တာ လက်ထက် ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ ဒိုင်နမိုဇာဂရက် အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။

အာဆင်နယ်ကတော့ ဒီရာသီမှာ အကောင်းဆုံးပုံစံ ပြသနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ဦးဆောင်နေသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Source: Metro