CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၅

ဘာစီလိုနာအသင်းဟာ အခုလာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားဟောင်း မက်ဆီကို ပြန်လည် ခေါ်ယူနိုင်ဖို့အတွက် အရာအားလုံးကို လုပ်ဆောင်သွားမယ်လို့ အသင်းဥက္ကဋ္ဌ လာပေါ်တာက ကတိပြုခဲ့ပါတယ်။

လာပေါ်တာက “ကျနော်တို့ မက်ဆီကို ဘာစီလိုနာ ပြန်လာနိုင်အောင် လုပ်ဆောင်ဖို့အတွက် အရာအားလုံး လုပ်ဆောင်သွားမယ်”လို့ ၂၀၂၂-၂၃ ရာသီ လာလီဂါဆုဖလားကို အသင်းရယူနိုင်ခဲ့ပြီးနောက် ပြောခဲ့တာပါ။

မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေး အခက်အခဲကြောင့် စာချုပ်သစ် မချုပ်နိုင်ခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ်မှာ နူးကမ့်ကနေ ထွက်ခွာခဲ့ပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ဘာစီလိုနာကနေ ထွက်ခွာပြီးနောက် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့ ပေမယ့် အခုရာသီအကုန်မှာ စာချုပ်ချုပ်ဆိုထားတဲ့ ၂ နှစ်စာချုပ်ဟာ ကုန်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။

အဲဒါကြောင့် မက်ဆီကို ခေါ်ယူဖို့ ဘာစီလိုနာ အသင်းအပြင် ဆော်ဒီကလပ်တွေနဲ့ မေဂျာလိဂ် ကလပ်တွေကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီကို ပြန်လည် ခေါ်ယူဖို့ အတွက်ဆိုရင် အသင်းမှာရှိနေတဲ့ အခက်အခဲတွေကို ဖြေရှင်းရဖို့ ရှိနေပေမယ့် လာပေါ်ကတော့ အသင်းပရိသတ်တွေရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ပေးနိုင်ဖို့ အတွက် အရာအားလုံးကို သူလုပ်ဆောင်ပေးသွားမယ်လို့ ပြောခဲ့တာပါ။

ဘာစီလိုနာမှာ မက်ဆီကစားခဲ့စဉ်

ဘာစီလိုနာအသင်း ဒုဥက္ကဋ္ဌဖြစ်သူ ယူစတီကလည်း မက်ဆီ ပြန်လာတာကို နှစ်သက်တယ်လို့ ပြောခဲ့ပါတယ်။

ယူစတီက “မက်ဆီဟာ အခုလာလီဂါအောင်ပွဲကို ဆင်နွှဲနေကြတဲ့ သူတွေအများအပြားရဲ့ သူငယ်ချင်းကောင်း တစ်ဦးပါ။ သူကလည်း ဒီလိုအောင်ပွဲအတွက် ပျော်ရွှင်နေမယ်ဆိုတာ သေချာပါတယ်။ မက်ဆီအသင်းထံ ပြန်လာ တာကို ကျနော် နှစ်သက်ပါတယ်”လို့ ပြောခဲ့တာပါ။

၂၀၁၈-၁၉ ရာသီနောက်ပိုင်း ပထမဆုံး လာလီဂါဆုဖလား ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာ အသင်းသားတွေနဲ့အတူ လာပေါ်တာကလည်း အဝတ်လဲခန်းထဲ ဝင်ရောက်ကာ အောင်ပွဲခံခဲ့ပါတယ်။

ဘာစီလိုနာ အသင်းနည်းပြ ဇာဗီဟာ လာမယ့်နှစ်ရာသီ အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့ အတွက် မက်ဆီကို ခေါ်ယူပြီး အသင်းလူစာရင်း အင်အားကို တောင့်တင်းသွားအောင် လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။

Source: Goal