CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂

ဘာစီလိုနာကြယ်ပွင့်ယာမဲလ်က သူဟာ ကိုယ်ပိုင်လမ်းကြောင်းကိုပဲ လျှောက်လှမ်းဖို့ အာရုံစိုက်နေတာကြောင့် မက်ဆီနောက်တစ်ဦးဖြစ်လာဖို့ ရည်ရွယ်ထားခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ 

ယာမဲလ်က “ဒီမေးခွန်းတွေလာတော့မယ်ဆိုတာ ကျနော်သိပါတယ်။ မက်ဆီကို ကျနော်လေးစားမှုရှိပြီး ကျနော့်အတွက်တော့ သူက ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားပါ။ ကျနော်တို့နှစ်ဦးဟာ အပြန်အလှန်လေးစားမှုရှိပြီး ကျနော်မက်ဆီမဖြစ်ချင်ဘူးဆိုတာ နှစ်ဦးစလုံးသိပါတယ်။ ကျနော့်လမ်းကြောင်းကိုပဲ ကျနော်လျှောက်ချင်တယ်”လို့ CBS show 60 Minutes မှာ မက်ဆီနဲ့ နှိုင်းယှဉ်မှုတွေကို ပြောခဲ့တာပါ။ 

အသက် ၁၈ နှစ်အရွယ်ရှိယာမဲလ်ဟာ အင်တာမိုင်ယာမီအသင်းကို မေဂျာလိဂ်ဖလားဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးခဲ့တဲ့ ဘာစီလိုနာအသင်းဂန္ထဝင်မက်ဆီနဲ့ မကြာခဏဆိုသလို နှိုင်းယှဉ်မှုတွေခံနေရတာဖြစ်ပါတယ်။ 

သူတို့နှစ်ဦးစလုံးဟာ လာမာစီယာအကယ်ဒမီထွက်တွေဖြစ်ပြီး တိုက်စစ်ရဲ့ညာအခြမ်းမှာကစားသလို ကစားပုံတွေကလည်း တူညီမှုတွေရှိတာကြောင့် နှိုင်းယှဉ်မှုတွေခံနေရတာပါ။ 

ယာမဲလ် ကိုတွေ့ရစဉ်

အခုနှစ်အတွက် Ballon d'Or ဆုပေးပွဲမှာ ဒုတိယရခဲ့တဲ့ ယာမဲလ်ကတော့ မက်ဆီနဲ့ နှိုင်းယှဉ်မှုတွေကို ရှောင်ရှားချင်နေတာဖြစ်ပါတယ်။ 

မက်ဆီနဲ့ ယာမဲလ်တို့ဟာ ၂၀၂၆ ခုနှစ်၊မတ်လမှာကစားမယ့် အာဂျင်တီးနားနဲ့ စပိန်အသင်းတို့ရဲ့ Finalissima ပွဲမှာ ပထမဆုံးအကြိမ်ထိပ်တိုက်တွေ့ဆုံဖို့ရှိနေတာပါ။ 

ဒါ့အပြင် သူတို့နှစ်ဦးဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း တွေ့ဆုံရနိုင်တာဖြစ်ပါတယ်။ 

ယာမဲလ်ကတော့ ကမ္ဘာ့ဖလားမျှော်လင့်ချက်ဟာ အလွန်မြင့်မားပြီး စပိန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။