CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂
စပါးအသင်းနည်းပြသောမတ်စ်ဖရန့်ခ်က အသင်းဟာ ရှုံးပွဲတွေဆက်ပြီးရလဒ်မကောင်းဖြစ်နေပေမယ့် သူဟာ အသင်းပိုင်ရှင်တွေရဲ့ထောက်ခံမှုကို ရရှိမယ်ဆိုတာ အလွန်ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။
သောမတ်စ်ဖရန့်ခ်က “ကျနော်အလွန်ယုံကြည်မှုရှိပါတယ်။ သူတို့ကလူကောင်းတွေ၊ဉာဏ်ရည်ထက်တဲ့သူတွေ၊စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုလည်ပတ်ရမလဲဆိုတာသိပြီး ဘောလုံးအကြောင်းကိုလည်း လေ့လာနေကြပါတယ်။ သူတို့လိုလူတွေနဲ့ ဆက်ဆံတဲ့အချိန်မှာ အောင်မြင်တဲ့ကလပ်တိုင်းက အချိန်ယူခဲ့ရတာကို သူတို့မြင်နိုင်တယ်လို့ ကျနော်ထင်ကြောင်း”ပိုင်ရှင်တွေက သူ့ကို အချိန်ပေးမယ်ဆိုတာ ယုံကြည်မှုရှိလားဆိုတဲ့ သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဖြေခဲ့တာပါ။
ပြီးခဲ့တဲ့ဇွန်လမှာ ဘရန်ဖိုဒ့်အသင်းကနေ ရောက်လာခဲ့တဲ့ သောမတ်စ်ဖရန့်ခ်ဟာ စပါးအသင်းကို ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွေမှာ တစ်ပွဲသာအနိုင်ရရှိအောင် ကိုင်တွယ်ထားနိုင်ပါတယ်။
စပါးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ် ၁၃ ပွဲကစားအပြီးမှာ ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁၂ နေရာရပ်တည်နေတာကြောင့် နည်းပြသောမတ်စ်ဖရန့်ခ်ဟာ အသင်းပရိသတ်အချို့ရဲ့ ဝေဖန်မှုကို ခံနေရတာဖြစ်ပါတယ်။

သောမတ်စ်ဖရန့်ခ် ကို တွေ့ရစဉ်
စပါးအသင်းနည်းပြသောမတ်စ်ဖရန့်ခ်ဟာ ဖူလ်ဟမ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဂိုးသမားဗီကာရီယိုကို လှောင်ပြောင်ခဲ့တဲ့ သူတွေဟာ စပါးအသင်းပရိသတ်တွေအစစ်အမှန်မဖြစ်နိုင်ဘဲ ဒီလုပ်ရပ်ကို လက်ခံနိုင်စရာမရှိဘူးလို့ ဒီပွဲအပြီးမှာ ပြောခဲ့တာပါ။
နယူးကာဆယ်အသင်းနဲ့ ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုမှာတော့ ဒိန်းမတ်လူမျိုးနည်းပြက ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို သူနားလည်ပြီး ဘယ်အသင်းမှ ပရိသတ်တွေမရှိရင် ဘာမှမဟုတ်တဲ့အတွက် တစ်ဦးကို တစ်ဦးလိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲစလုံးနိုင်ပွဲပျောက်ဆုံးခဲ့ပြီး ၁ ပွဲသရေ၊ ၃ ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
