CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈
Ballon d'Or ဆုကို ၅ ကြိမ် ရရှိထားတဲ့ ရော်နယ်ဒိုဟာ ကစားသမားဘဝကနေ အနားယူပြီးနောက်မှာ ဘောလုံးအသင်း တစ်သင်းကို ဝယ်ယူကာ ပိုင်ရှင်အဖြစ်ပြုလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ရော်နယ်ဒိုက “ကျနော်ဟာ နည်းပြအဖြစ် ပြုလုပ်မှာ မဟုတ်သလို ဘယ်တော့မှလည်း နည်းပြဖြစ်လာမှာ မဟုတ်ပါဘူး။ ကလပ်အသင်းဥက္ကဋ္ဌလည်း လုပ်မှာမဟုတ်ပါဘူး။ အသင်းပိုင်ရှင်တော့ ဖြစ်နိုင်ပါတယ်။ အသင်း ပိုင်ရှင်အဖြစ်နဲ့ မြင်တွေ့ရနိုင်ပေမယ့် မှန်ကန်တဲ့ အခွင့်အလမ်း အခိုက်အတန့်အပေါ် မူတည်ပါလိမ့်မယ်”လို့ Globe Soccer Awards ဆုပေးပွဲမှာ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ ကစားသမားဘဝကနေ အနားယူဖို့ နီးကပ်လာပြီဖြစ်တဲ့အတွက် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများအပြား ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကိုတွေ့ရစဉ်
ရော်နယ်ဒိုဟာ အနားယူပြီးနောက်မှာ ကစားသမားဟောင်းတွေ အများအပြား ပြုလုပ်တဲ့ နည်းပြအဖြစ် ပြုလုပ်ဖို့ အစီအစဉ်မရှိဘဲ ကလပ်အသင်း ပိုင်ရှင်ဖြစ်ချင်တယ်လို့ ထွက်ပေါ်နေတဲ့ မေးခွန်းတွေအပေါ် တုန့်ပြန်ခဲ့တာပါ။
ဆော်ဒီနိုင်ငံရဲ့ PIF ဟာ ရော်နယ်ဒိုကို နိုင်ငံအတွင်းမှာပဲ ဆက်ထားချင်နေတာကြောင့် ရော်နယ်ဒိုဟာ ဆော်ဒီ ပရိုလိဂ်မှာ အသင်းတစ်သင်းကို ဝယ်ယူနိုင်မယ့် အခွင့်အရေး ရနိုင်တယ်လို့လည်း သိရပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ် မရှိသေးဘဲ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်ကစားနိုင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။
Source: Goal