CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ရီးရယ်လ်နဲ့ ချယ်လ်ဆီး ကစားသမားဟောင်း ဟာဇက်က ဆော်ဒီလိဂ်ဟာ ပြင်သစ်လိဂ်ထက် ပိုပြီးကောင်းတယ်လို့ အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒို ပြောခဲ့တာကို ပြန်ပြီးတုန့်ပြန်လိုက်ပါတယ်။

ဟာဇက်က “ရော်နယ်ဒို ပြောတာကို ကျနော်သဘောမတူပေမယ့် ဒါကထင်မြင်ချက်တစ်ခုပါ။ ဆော်ဒီလိဂ်ကို ကြည့်ရင် သူတို့မှာ နာမည်ကြီးတဲ့ ကစားသမားတွေရှိပေမယ့် သူတို့ဟာ အသင်းကြီးတွေ မဟုတ်ပါဘူး။ ပြင်သစ် မှာဆိုရင် နာမည်ကြီး ကစားသမားတွေနည်းပေမယ့် သူတို့မှာ အသင်းကြီးတွေရှိပါတယ်။ လီဂူးအသင်းတွေက ဆော်ဒီအသင်းတွေနဲ့ ယှဉ်ပြိုင်ရင် အနိုင်ရမယ်ဆိုတာ သေချာပါတယ်။ လူတွေထင်သလို လွယ်လွယ်ကူကူနဲ့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြင်သစ်လိဂ်ရဲ့ အဆင့်အတန်းက ကောင်းပါတယ်”လို့  Obi One Podcast ကိုပြောခဲ့ တာပါ။

ဟာဇက်ဟာ ချယ်လ်ဆီးအသင်းထံ ၂၀၁၂ ခုနှစ်မှာ မပြောင်းမရွှေ့ခင် ပြင်သစ်လီဂူး-၁ ကလပ်အသင်းဖြစ်တဲ့ လိုင်လီအသင်းမှာ ကစားခဲ့ပြီး ပြင်သစ်လီဂူး-၁ နဲ့ ပြင်သစ်ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို ရောက်ရှိပြီးကတည်းက ဆော်ဒီပရိုလိဂ် ဟာ ကမ္ဘာ့ထိပ်တန်းလိဂ်ထဲကို ရောက်ရှိနိုင်သလို ပြင်သစ်လိဂ်ထက် ပိုပြီးကောင်းတယ်လို့ ပြောခဲ့တာပါ။ 

ရော်နယ်ဒိုနဲ့ ဟာဇက်ကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ မကြာသေးခင်က Globe Soccer Awards ပွဲမှာလည်း ဒီအကြောင်းကို ထပ်ပြီးပြောခဲ့ပါတယ်။

ရော်နယ်ဒိုက “ရိုးရိုးသားသားပြောရရင် ဆော်ဒီလိဂ်ဟာ ပြင်သစ်လိဂ်ထက် ပိုပြီးမဆိုးဘူးလို့ ကျနော်ထင်ပါတယ်။ ပြင်သစ်လိဂ်မှာ အလွန်ကောင်းမွန်တဲ့ ၂ သင်း၊ ၃ သင်းသာရှိပြီး ဆော်ဒီလိဂ်က ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ဒီမှာကစားတာ ၁ နှစ်ရှိပြီဖြစ်တာကြောင့် ဒီအကြောင်းကို ပြောနိုင်တာပါ။ အခု အချိန်မှာ ကျနော်တို့လိဂ်ဟာ ပြင်သစ်လိဂ်ထက် ပိုကောင်းပြီး တိုးတက်မှုတွေရှိနေတုန်းပဲ”လို့ ပြောခဲ့တာပါ။

ဆော်ဒီလိဂ်မှာရှိတဲ့ ကလပ်အသင်းတွေဟာ ပြီးခဲ့တဲ့နွေရာသီက ဘန်ဇီမာ၊ နေမာ၊ မာနေး၊ မာရက်ဇ်၊ ကန်တီ အစ ရှိတဲ့ ဥရောပထိပ်သီး ကစားသမား အများအပြားကို ငွေကြေး အများအပြားသုံးစွဲပြီး ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ 

ဒါပေမယ့် အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန် အပါအဝင် ကစားသမားအချို့ဟာ ဆော်ဒီလိဂ်မှာ ကစားရတာ အဆင်ပြေခြင်းမရှိလို့ ရာသီဝက် ကစားအပြီးမှာ ပြန်လည်ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။

Source: Mirror