CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်အသင်းဟာ ဖရန့်ဖတ်အသင်း နည်းပြဟောင်း ဂလက်စ်နာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။

အသက် ၄၉ နှစ်အရွယ်ရှိ သြစတြီးယားလူမျိုး ဂလက်စ်နာဟာ ပဲလေ့စ်အသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ရွိုင်းဟော့ဒ်ဆန်ရဲ့နေရာမှာ နည်းပြသစ်အဖြစ် အစားထိုးတာဝန်ယူမှာပါ။ 

ပဲလေ့စ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး နောက်ဆုံးကစားခဲ့တဲ့ ၁၇ ပွဲမှာ ၁၀ ပွဲအထိ အရေးနိမ့်ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ဂလက်စ်နာဟာ ပဲလေ့စ်အသင်းနဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။

သြစတြီးယားလူမျိုးနည်းပြဟာ ဒီတစ်ပတ်ဘန်လေအသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ပဲလေ့စ်အသင်းကို စတင်ပြီး ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ 

ဂလက်စ်နာဟာ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပဲလေ့စ်အသင်းတို့ ၁ ဂိုးစီ သရေကျတဲ့ ပွဲစဉ်ကို ပွဲကြည့်စင်ပေါ်ကနေ ကြည့်နေခဲ့တာပါ။ 

ရွိုင်းဟောဒ့်ဆန်နဲ့ ဂလက်စ်နာကို တွေ့ရစဉ်

ဒီပွဲကို ရွိုင်းဟောဒ့်ဆန်ရဲ့ နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ ရေးလီဝင်တန်နဲ့ မက္ကာသီတို့က ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ 

ဂလက်စ်နာဟာ သူ့ရဲ့ နည်းပြဘဝ အစကို သြစတြီးယားကလပ် SV ရိဒ်အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ဒီအသင်းမှာ ၁၉ နှစ်ကြာ ကစားသမားဘဝကို ဖြတ်သန်းခဲ့တာပါ။

ဂလက်စ်နာဟာ SV ရိဒ်အသင်းကို ကိုင်တွယ်အပြီးမှာ ဂျာမန်ကလပ်တွေဖြစ်တဲ့ ဝုလ်ဖ်ဘတ်နဲ့ ဖရန့်ဖတ်အသင်း တွေကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဖရန့်ဖတ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဂလက်စ်နာဟာ သူ့ရဲ့ပထမရာသီမှာ ဖရန့်ဖတ်အသင်းကို ယူရိုပါလိဂ် ဆုဖလားရယူပေးနိုင်ခဲ့တာပါ။

ဂလက်စ်နာဟာ ပြီးခဲ့တဲ့နှစ်က ဖရန့်ဖတ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့်ထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် အသင်းဟာ ဘွန်ဒစ်လီဂါမှာ ၁၀ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးပြီးနောက် နည်းပြ ရာထူးကနေ ထွက်ခွာခဲ့ပါတယ်။

ဂလက်စ်နာဟာ ပဲလေ့စ်အသင်းရဲ့ နည်းပြသစ်အဖြစ် မခန့်အပ်ခံရခင်ကတည်းက စပါးအသင်းနဲ့ ဝုလ်ဗ်စ်အသင်းရဲ့ ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး မတ်လ ၂ ရက်မှာ ကစားရမယ့် စပါးအသင်းနဲ့ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှု တွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC