CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁
ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာက ယူနိုက်တက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲအပြီးမှာ အသင်းရဲ့နွေရာသီ ကစားသမား ခေါ်ယူမှု အားနည်းခဲ့တာကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
ဂလက်စ်နာက “အသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲ ကစားရမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သင့်ပါတယ်။ ဇန်နဝါရီကတော့ နောက်ကျလွန်းတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ဟာ ဒီအချိန်မှာ ကျနော်တို့ပွဲတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကစားပြီးသွားပါပြီ။ ကျနော်တို့ဟာ ပိုကောင်းတဲ့ ရာသီတစ်ခုကစားဖို့ အခွင့်အရေးကို နွေရာသီမှာ လွှင့်ပစ်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဥရောပပြိုင်ပွဲဖြစ်တဲ့ ကွန်းဖရန့်လိဂ်နဲ့ ပြည်တွင်းပြိုင်ပွဲတွေ အကြားမှာ ဟန်ချက်ညီ ဖို့ ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၂ ပွဲစလုံး အရေးနိမ့်ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဥရောပပွဲတွေ ယှဉ်ပြိုင်ပြီးနောက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲစလုံး နိုင်ပွဲရယူ နိုင်ခဲ့ခြင်း မရှိပါဘူး။

ခရစ္စတယ်ပဲလေ့စ်အသင်း ယှဉ်ပြိုင်နေစဉ်
လန်ဒန်ကလပ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အီဇီကို အာဆင်နယ်အသင်းထံ ပေါင်သန်း ၆၀ နဲ့ ရောင်းချခဲ့ ပေမယ့် ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ ပျက်ကွက်ခဲ့တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ နွေရာသီမှာ ကစားသမား ၆ ဦးကို အပြီးသတ် ခေါ်ယူခဲ့ပြီး တစ်ဦးကို အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဒီခေါ်ယူမှုတွေထဲမှာ စပိန်ကြယ်ပွင့် ပီနိုကို ပေါင် ၂၆ သန်းပေးပြီး ခေါ်ယူခဲ့တာက ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ပြောင်းရွှေ့ကြေး အများကြီးပေးပြီး ခေါ်ယူမှု ဖြစ်ခဲ့တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ အသင်းခေါင်းဆောင် ဂူဟီကို အသင်းမှာ ဆက်ထိန်းနိုင်ခဲ့ပေမယ့် ရာသီကုန်ရင် အလွတ်နဲ့ ထွက်ခွာခွင့်ပေးရဖို့ ရှိနေပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ် ၁၃ ပွဲ ကစားအပြီးမှာ ရမှတ် ၂၀ နဲ့ အဆင့် ၉ နေရာ ရပ်တည်နေပြီး ကွန်းဖရန့်လိဂ် ပြိုင်ပွဲမှာတော့ ၄ ပွဲကစား ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: BBC
