CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၆

စပါးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ကာ တန်းဆင်းဇုန်နဲ့ ပိုမိုနီးကပ်လာပြီးနောက် ဘယ်လိုဆင်ခြေမှပေးလို့ မရတော့ဘူးလို့ တိုက်စစ်မှူး ဆိုလန်ကီက ပြောခဲ့ပါတယ်။ 

ဆိုလန်ကီက “ကျနော်တို့ အကြီးအကျယ် ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေရာက ကျနော်တို့ ရောက်ချင်တဲ့နေရာ မဟုတ်တဲ့အတွက် ဒါကိုအမြန်ဆုံး ကျော်လွှားဖို့ လုပ်ဆောင်ရပါမယ်။ အခက်အခဲတွေ ရှိတယ်ဆိုတာ သိပေမယ့် ဘယ်လို ဆင်ခြေမှပေးလို့ မရတော့ပါဘူး။ ကွင်းထဲမှာ အလုပ်ကို ကောင်းမွန်စွာ လုပ်ရပါမယ်။ ကျနော်တို့ဟာ ပွဲစဉ်တိုင်း၊ မိနစ်တိုင်းကို တိုက်ပွဲဝင်ဖို့ လိုအပ်တယ်”လို့ TNT Sports ကိုပြောခဲ့တာပါ။ 

စပါးအသင်းဟာ နည်းပြသစ် တူဒေါ လက်ထက် ၃ ပွဲဆက် အပါအဝင် ပရီးမီးယားလိ ဂ်ပြိုင်ပွဲမှာ ၅ ပွဲဆက် ရှုံးပွဲ ကြုံတွေ့ထားပါတယ်။ 

ဒါ့ပြင် စပါးအသင်းဟာ ဒီဇင်ဘာလမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရပြီးနောက်ပိုင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးတာ ၁၁ ပွဲဆက်တိုက် ရှိလာခဲ့တာပါ။ 

ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စပါးအသင်းကို တွေ့ရစဉ်

စပါးအသင်းဟာ ရလဒ်ဆိုးတွေကြောင့် တန်းဆင်းဇုန်အဆင့် ၁၈ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး လာမယ့်ပွဲတွေမှာ ထပ်ပြီး ရလဒ်တွေဆိုးရင် တန်းဆင်းမယ့်အခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်။ 

စပါးအသင်း ပရိသတ် အများအပြားဟာ ဒီပွဲရဲ့ ပထမပိုင်းအပြီးမှာ အားကစားကွင်းကနေ ထွက်ခွာခဲ့ပြီး အသင်းရဲ့ ရလဒ်တွေကို အလွန်စိတ်ပျက်နေခဲ့ကြပါတယ်။ 

စပါးအသင်းနည်းပြ တူဒေါက သူဟာ ပရိသတ်တွေလိုပဲ အလွန်စိတ်ပျက်မိပေမယ့် လက်ရှိ အခြေအနေကို သိတဲ့ အတွက် ဆက်ကြိုးစားပြီး ယုံကြည်မှုရှိဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ 

စပါးအသင်းဟာ လာမယ့်ပွဲအဖြစ် အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်ကစားဖို့ ရှိနေပြီး ဒီပွဲပြီးရင်တော့ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN