CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၆

အစ္စရေးနဲ့အမေရိကန်တို့ စတင်ခဲ့တဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲမှာ ကာတာနိုင်ငံဟာ အီရန်ဒုံးကျည်တွေရဲ့ ပစ်မှတ် ထားခြင်း ခံနေရပေမယ့် UEFA ဟာ အခုလထဲ ကျင်းပမယ့် အာဂျင်တီးနားနဲ့ စပိန်အသင်းတို့ရဲ့ Finalissima ပွဲကို ကာတာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားဆဲ ဖြစ်တယ်လို့ ESPN က ဖော်ပြထားပါတယ်။ 

“အခုအချိန်မှာ အခြားနေရာတွေကို စဉ်းစားထားခြင်း မရှိသေးပါဘူး။ လာမယ့် အပတ်အကုန်မှာ နောက်ဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့ မျှော်လင့်ကြောင်း” UEFA က ပြောခဲ့ပါတယ်။ 

မတ်လ ၂၇ ရက် ဒိုဟာမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တောင်အမေရိက လက်ရှိ ချန်ပီယံအာဂျင်တီးနားနဲ့ ဥရောပ လက်ရှိ ချန်ပီယံ စပိန်အသင်းတို့ပွဲမှာ မက်ဆီနဲ့ ယာမဲလ်တို့ရဲ့ ယှဉ်ပြိုင်မှုကို မြင်တွေ့ရမှာပါ။

ဒီပွဲကို ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကျင်းပခဲ့တဲ့ လူဆေးလ်အားကစားကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားကို တွေ့ရစဉ်

အာဂျင်တီးနားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိခဲ့တာပါ။

ဒိုဟာမှာပွဲကျင်းပဖို့ လုံခြုံရေးအရ အန္တရာယ်များတယ်လို့ ယူဆခဲ့ရင် စပိန် ဒါမှမဟုတ် ဥရောပနိုင်ငံ တစ်နိုင်ငံမှာ ပြောင်းရွှေ့ပြီး ကျင်းပနိုင်ပါတယ်။ 

အာဂျင်တီးနားအသင်းဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လက လန်ဒန်ရှိ ဝင်ဘာလေ အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ Finalissima ပွဲမှာ အီတလီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုရရှိခဲ့တာပါ။ 

အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုအပြီး ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေကြောင့် ကာတာ ဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ရဲ့ ပြိုင်ပွဲတွေအားလုံးကို ရွှေ့ဆိုင်းထားပါတယ်။ 

Source: ESPN