CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၆
အင်တာမိုင်ယာမီအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် မေဂျာလိဂ်ဖလား ရယူနိုင်ခဲ့ပြီးနောက် အိမ်ဖြူတော်မှာ ကျင်းပတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကို တက်ရောက် ခဲ့ပါတယ်။
သမ္မတထရမ့်၊ အသင်းပူးတွဲပိုင်ရှင် ဂျော့ချ်မက်စ်တို့နဲ့အတူ အခန်းထဲကို ဝင်ရောက်လာခဲ့တဲ့ မက်ဆီဟာ နောက်ပိုင်းမှာ သမ္မတထရမ့်ကို အင်တာမိုင်ယာမီအသင်း လက်မှတ်ပါဝင်တဲ့ ပန်းရောင်ဘောလုံးကို လက်ဆောင် အဖြစ် ပေးခဲ့တာပါ။
ထရမ့်ဟာ ဂျော့ချ်မက်စ်၊ နည်းပြချုပ် မာရှေယာနိုတို့ထံကနေ မိုင်ယာမီဂျာစီနဲ့ နာရီတစ်လုံးကိုလည်း လက်ခံ ရရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ အင်တာမိုင်ယာမီအသင်းထံ ရောက်ရှိလာပြီးနောက် မက်ဆီဟာ အိမ်ဖြူတော်ထံ ပထမဆုံးအကြိမ် လာရောက်ခဲ့တာပါ။
မက်ဆီရဲ့ အဓိက ပြိုင်ဘက်ကြီးဖြစ်တဲ့ ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ မှာ ညစာစားပွဲ တက်ရောက်ခဲ့ပြီးနောက် သမ္မတဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းကို တွေ့ရစဉ်
ဒေါ်နယ်ထရမ့်က “ကျနော်တို့ဟာ တကယ့်ကို ထူးချွန်တဲ့သူတွေကို ဂုဏ်ပြုနေတာပါ။ အမေရိကန်သမ္မတ တစ်ဦး ကမှ အရင်က ပြောခဲ့ခြင်းမရှိတဲ့ အိမ်ဖြူတော်ထံ ကြိုဆိုပါတယ်၊ မက်ဆီဆိုပြီး ပြောခွင့်ရတာက ကျနော့်အတွက် ထူးခြားတဲ့ အခွင့်အရေးပါပဲ။ ကျနော့်သား ဘာရွန်က ခင်ဗျားရဲ့ အမာခံ ပရိသတ်တစ်ဦးပါ။ သူက ခင်ဗျားကို အလွန်ကောင်းတဲ့သူလို့ ထင်ထားပါတယ်။ သူဟာ ရော်နယ်လ်ဒိုရဲ့ ပရိသတ်လည်း ဟုတ်ပါတယ်။ ရော်နယ်လ်ဒို လည်း အလွန်ကောင်းသလို၊ ခင်ဗျားလည်း အလွန်ကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ မေဂျာလိဂ်ဖလား ရယူနိုင်ခဲ့သလို မက်ဆီကလည်း လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ၂ ရာသီ ဆက်တိုက် ရယူနိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီ ရောက်ရှိလာပြီးနောက် ရာသီတိုင်း ဆုဖလား ရယူနိုင်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က အင်တာမိုင်ယာမီအသင်းကို ရွေးချယ်ခဲ့တဲ့အတွက် မက်ဆီကို ကျေးဇူးတင်ကြောင်းနဲ့ မက်ဆီဟာ ပီလီထက် ပိုပြီးကောင်းနိုင်တယ်လို့လည်း ပြောခဲ့တာပါ။
ဒီဧည့်ခံပွဲအပြီးမှာ ဒေါ်နယ်ထရမ့်ဟာ အင်တာမိုင်ယာမီအသင်းကို Oval Office ထံ ဖိတ်ကြားခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ် သက်တမ်းတိုးထားတဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ အော်လန်ဒိုစီးတီး အသင်းနဲ့ မေဂျာလိဂ်ပွဲမှာ အသင်းအတွက် ၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
Source: ESPN
