CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၄
အီရန်နိုင်ငံနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ နိုင်ငံရေးဆိုင်ရာ အမှား အယွင်း ကြီးမားခဲ့ကြောင်း တဖြည်းဖြည်း ထင်ရှားလာခဲ့သည်ဟု CNN မှ ဖော်ပြခဲ့သည်။
ထရမ့် အစိုးရအဖွဲ့အနေဖြင့် အီရန်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံး အကြိမ် ပြုလုပ်ခဲ့သည့် အဓိက လူထုသဘောထား စစ်တမ်းတွင် ထရမ့်အတွက် သတင်းကောင်းဟု ယူဆရမည့် အချက်တစ်ချက် တွေ့ရှိရသည်။
ထိုအချက်မှာ အမေရိကန်ပြည်သူ အများစုက ထရမ့်အနေဖြင့် အီရန်ဘက်မှ အလျှော့ပေး လိုက်လျောမှုများ ရှိလာအောင် ဖိအားပေးနေမည့်အစား စစ်ပွဲကိုသာ အဆုံးသတ်သင့်သည်ဟု တစ်ညီတစ်ညွတ်တည်း သဘောတူညီ ကြခြင်းပင် ဖြစ်သည်။
သို့သော် ထိုအချက်မှာ အမေရိကန် ပြည်သူများ အနေဖြင့် အီရန်နှင့် သဘောတူညီချက်ကို အမှန်တကယ် နှစ်သက် သဘောကျခြင်းကြောင့် မဟုတ်ဘဲ စစ်ပွဲကို အမြန်ဆုံး အဆုံးသတ် သွားစေချင်သောကြောင့် ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
CBS News နှင့် YouGov တို့၏ လူထုသဘောထား စစ်တမ်းအသစ်အရ အမေရိကန်ပြည်သူ ၇၈ ရာခိုင်နှုန်းက စစ်ပွဲကို ချက်ချင်း အဆုံးသတ်ရန် ပိုမိုလိုလားကြပြီး ကျန် ၂၂ ရာခိုင်နှုန်းကသာ အီရန်ဘက်မှ ပိုမိုလျှော့ချပေးလာ သည်အထိ ဆက်လက် ဖိအားပေးရန် လိုလားကြောင်း လေ့လာတွေ့ရှိရသည်။
ထရမ့်၏ အကြံပေးပုဂ္ဂိုလ် တစ်ဦးကမူ အီရန်နှင့် သဘောတူညီချက် ရယူမည့် ကိစ္စတွင် အမေရိကန်ပြည်သူများ သည် ထရမ့်နှင့် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) တို့ဘက်မှ ရပ်တည်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း စစ်တမ်း၏ ကျန်ရှိသော အချက်အလက်များအရ ထိုယူဆချက်သည် လုံးဝ မမှန်ကန်ကြောင်း ပြသနေသည်။
ထိုသဘောတူညီချက်သည် မည်သူ့ကို ပိုပြီး အကျိုးရှိစေသနည်းဆိုသည့် မေးခွန်းကို မေးမြန်းရာတွင် အမေရိကန် ပြည်သူ ၂၂ ရာခိုင်နှုန်းကသာ ထိုသဘောတူညီချက်သည် အမေရိကန်အတွက် ပိုမို အကျိုးရှိစေသည်ဟု ဖြေကြားခဲ့ ကြပြီး ၃၇ ရာခိုင်နှုန်းကမူ အီရန်အတွက် ပိုမိုအကျိုးရှိစေသည်ဟု ဖြေကြားခဲ့ကြသည်။
စစ်တမ်းတွင် ပါဝင်ဖြေဆိုသည့် ကျန် ၄၁ ရာခိုင်နှုန်းကမူ နှစ်နိုင်ငံလုံးအတွက် တန်းတူနီးပါး အကျိုးရှိစေသည်ဟု ဖြေကြားခဲ့သည်။
သဘောတူညီချက်သည် အမေရိကန်အတွက် ပိုမို အကျိုးရှိစေသည်ဟု ဖြေကြားသူများထဲတွင် ရီပတ်ဘလစ်ကန် ပါတီဝင် ၃၉ ရာခိုင်နှုန်းသာ ပါဝင်သည်။
ထို့ကြောင့် ပိုမိုထင်ရှားအောင် နှိုင်းယှဉ်ပြရမည်ဆိုပါက ထရမ့်၏ ရီပတ်ဘလစ်ကန် ပါတီဝင်များထဲမှ ၁၀ ဦးတွင် ၄ ဦးခန့်ကသာ အီရန်နှင့် သဘောတူညီချက် ရယူခဲ့သည့် ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း လေ့လာတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
Source: CNN
