CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄
ရခိုင်ပြည်နယ်အတွင်းရှိ တရုတ်နှင့် အိန္ဒိယတို့၏ စီမံကိန်းများသည် ဈေးကွက်သာမက လုပ်ကွက်လည်း မတူသဖြင့် ထိုနှစ်နိုင်ငံအကြား အာရက္ခတပ်တော်(AA)သည် နှစ်ဘက်စလုံးနှင့် တည့်အောင်ပေါင်းနိုင် ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
AA အနေဖြင့် တရုတ်နှင့် အိန္ဒိယတို့ စီမံကိန်းများအား မထိခိုက်စေရန် စနစ်တကျ လုပ်ဆောင်ပေးနိုင်ပါ က အဆင်ပြေပြီဖြစ်ကာ လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွင် နိုင်ငံတကာစင်မြင့်၌ တစ်စုံတစ်ရာ နေရာ ရလာသည်ဟု မြင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပထဝီ အနေအထားအရ တရုတ်ကို သိပ်အားကိုးစရာမလိုတဲ့ အဖွဲ့တွေပေါ့။ AA ဆိုလည်း ဘင်္ဂလားဒေ့ရှ်ရော၊ ပြည်သူရောရှိတယ်။ ဒါကြောင့်မို့လို့ သူက တရုတ်ပြောတဲ့အတိုင်း MNDAA တို့၊ TNLA တို့လို လိုက်လုပ်စရာ မလိုဘူး။ တရုတ်ကလည်း ပါးပါတယ်။ သူပြောမရတဲ့ဟာတော့ ခပ်ကမ်းကမ်းကပဲ ဆက်ဆံပြီး ပြောနိုင်သလောက်လေးပဲ သူပြောနေတာပဲ။ သူက နှစ်ဖက်စလုံးနဲ့ သင့်တင့်အောင် ပေါင်းနိုင် တယ်။ အစကတည်းက ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ကုလားတန်မြစ်ဝှမ်းနဲ့က ဘာပဋိပက္ခမှ မရှိဘူး လေ။ သူ့လမ်းနဲ့သူ သီးခြားစီပဲ။ အပြိုင်အဆိုင် ဈေးကွက်ကို လုနေတာမဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းက တရုတ်က သူ့ရဲ့ ပြည်နယ်ဖြစ်တဲ့ ယူနန်တို့၊ ကွေ့ကျိုးတို့က ပစ္စည်းတွေကို သူက အရှေ့အလယ်ပိုင်းကို ထုတ်ဖို့။ အိန္ဒိယရဲ့ ကုလားတန်မြစ်ဝှမ်း စီမံကိန်းက သူတို့ နိုင်ငံက ထွက်ကုန်တွေကို ဗမာပြည်ကိုဖြတ်ပြီးတော့ အစကတည်းက သူ့ဟိုဟာကိုက ရှင်းပြီးသားလေ Look East အရှေ့ဖက်၊ ထိုင်းတို့၊ အာဆီယံတို့ကို ဆက်ဖို့။ ဘာမှပဋိပက္ခ ဖြစ်စရာမရှိဘူး။ သူ့လမ်းနဲ့သူပဲ။ အဲဒါကို ကိုယ်က စနစ်တကျ မထိခိုက်အောင် လုပ်ပေးရင်ပြီးတာပဲ။ လုနေတာမှ မဟုတ်ဘဲ ဈေးကွက် လုတဲ့ဟာလည်း မဟုတ်ဘူးလေ။ အခု ကျမကြားတာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ပြန်ပို့ရေးဆိုတာ ကိုတောင်မှ AA နဲ့ရော စစ်ကောင်စီနဲ့ရော ဆွေးနွေးပါမယ်လို့ ကြားတယ်။ သူတို့အနေနဲ့ ဘယ်လိုခေါ်မလဲ နိုင်ငံတကာ စင်မြင့်တွေအပေါ်မှာ တစ်စုံတစ်ရာ နေရာရလာတာပဲဖြစ်မှာပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံမှာ တရုတ်နဲ့အိန္ဒိယ ဖော်ဆောင်နေတဲ့ စီမံကိန်းများကို တွေ့ရစဉ်
ရခိုင်ပြည်နယ်တွင် တရုတ်နှင့်အိန္ဒိယ၏ မဟာဗျူဟာမြောက် စီမံကိန်းကြီး ၂ ခုမှာ တရုတ်၏ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ဖြစ်ပြီး အိန္ဒိယကမူ ကုလားတန်မြစ် ဘက်စုံသုံး သယ်ယူ ပို့ဆောင်ရေး စီမံကိန်းတို့ဖြစ်သည်။
လက်ရှိတွင် AA သည် စစ်ရေးအရ နယ်မြေ အများအပြားကို စိုးမိုးထားနိုင်ရုံတင်မကဘဲ ဒေသတွင်း တည်ငြိမ်မှုနှင့် အုပ်ချုပ်ရေးယန္တရားကိုပါ ကိုင်တွယ်နေကာ အစိုးရတစ်ရပ်ကဲ့သို့ ဆောင်ရွက်နေလျက် ရှိသည်။
တရုတ်သည် အိမ်နီးချင်း အင်အားကြီးနိုင်ငံ ဖြစ်သကဲ့သို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ အပေါ်၌လည်း သြဇာသက်ရောက်မှုရှိသဖြင့် AA သည် တရုတ် အကျိုးစီးပွားများအား အကာအကွယ် ပေးမည်ဖြစ်ကာ နှောင့်ယှက်မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
အလားတူ တရုတ်ဘက်မှလည်း ရင်းနှီးမြှုပ်နှံမှုများ လုံခြုံရန်အတွက် မြေပြင်တွင် အမှန်တကယ် စိုးမိုး ထားသည့် AA နှင့် လက်တွေ့ကျကျ ဆက်ဆံရန် လိုအပ်သည်ကို သဘောပေါက်ထားကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ပြောသည်။
အိန္ဒိယ၏ ကုလားတန်မြစ် စီမံကိန်းရှိရာ ပလက်ဝနှင့် ရခိုင်မြောက်ပိုင်းဒေသများကို AA က ထိန်းချုပ် ထားသဖြင့် အိန္ဒိယအစိုးရသည် စီမံကိန်းရှေ့ဆက်နိုင်ရေး AA နှင့် မဖြစ်မနေ ညှိနှိုင်းရမည့် အနေအထား ဖြစ်သည်။
ထို့ပြင် AA ကလည်း အိန္ဒိယနှင့် ဆက်ဆံရေး တည်ဆောက်ရန် အမြဲတံခါးဖွင့်ထားကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
AA သည် တရုတ် သို့မဟုတ် အိန္ဒိယ တစ်ဖက်တည်းကိုပဲ အလုံးစုံ မှီခိုတာမျိုးအစား အင်အားကြီး နှစ် နိုင်ငံကြား မျှခြေညှိသည့် ဗျူဟာကိုသာ သုံးမည်ဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင် ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူ့ရဲ့ပထဝီ အနေအထားကလည်း အဲဒီလိုပဲဖြစ်နေတာပေါ့။ ကျောက်ဖြူရေနက်ဆိပ်ကမ်းက လည်း တရုတ်ကလည်း ဒီဟာကို လုပ်မယ့်သဘောမျိုး ဖြစ်တာပေါ့။ အဲဒီအပေါ်မှာလည်း ရခိုင်တွေ အနေ နဲ့ ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ခုတော့ သူတို့အနေနဲ့ နိုင်ငံရေးဘက်ကနေ တရုတ်ကိုတော့ ထိတွေ့ ဆက်ဆံ ရတဲ့ သဘောမျိုးတော့ ဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်ကလည်း ကုလားတန် ဒီဘက်ကလည်း စီမံကိန်း လည်း အိန္ဒိယရဲ့ စီမံကိန်းကလည်းရှိနေတော့ အိန္ဒိယနဲ့လည်း ထိတွေ့ဆက်ဆံတဲ့ သဘောမျိုး ရှိပါလိမ့် မယ်။ ဒါကြောင့် အဲဒီအပေါ်မှာ မူတည်ပြီးမှ AA အနေနဲ့ ဘယ်လောက်အထိ နိုင်ငံရေးအနေနဲ့ သူတို့အနေ နဲ့ ထိတွေ့ဆက်ဆံလို့ ရမလားဆိုတဲ့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ တစ်ခါတစ်လေကျတော့ အိန္ဒိယပဲ ဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် လက်ရှိ အစိုးရနဲ့ပိုပြီးမှ ထိတွေ့ဆက်ဆံတဲ့ သဘောမျိုးတော့ ဖြစ်တာပေါ့။ ဒါပေမယ့် AA ရဲ့ အခြေအနေကလည်း တခြား အခြေအနေနဲ့ မတူဘူးပေါ့။ သူတို့ဟာသူတို့ ဆက်ဆံလာ နိုင်တဲ့ သဘောမျိုးလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါတော့ ခြေလှမ်းမှားတယ် ဆိုတာထက် ရပ်တည် မှု အပိုင်းကို ဘယ်လောက်အထိ သူတို့အပေါ်မှာ အကျိုးသက်ရောက်မလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါ လိမ့်မယ်” ဟု ပြောသည်။
စီမံကိန်းနှစ်ခုလုံးသည် ရခိုင်ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ယူဆောင်ပေးလာနိုင်သဖြင့် AA က စီမံကိန်းများအား ဖျက်စီးရေးထက် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုဆိုသည့် အချက်ကို ပြသပြီး နိုင်ငံရေး အမြတ်ထုတ်ရန် ပိုဦးတည်နိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
လက်ရှိတွင် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ သွားရောက်၍ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်လည်းကောင်း၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်ထိ တရုတ်နိုင်ငံသို့ သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားသည်။
