CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃

လက်ရှိ ပထဝီနိုင်ငံရေး အခင်းအကျင်းများအရ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အနေဖြင့် တရုတ်ကိုဖယ်၍ အိန္ဒိယကို ပေါင်းရန်မှာ မလွယ်ကူကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “KIA လည်း ပါးတယ်။ KIA အနေနဲ့လည်း တရုတ်ပြောတိုင်းလည်း အကုန်လိုက်လုပ်နိုင်မှာ မဟုတ်ဘူး။ တရုတ်ကိုဖယ်ပြီး အိန္ဒိယကို ပေါင်းဖို့ဆိုတာလည်း မလွယ်ဘူး။ ဘာလို့ဆို သူတကယ့် တကယ် ပထဝီ အနေ အထား အရက တရုတ်နဲ့ပဲ ဆက်စပ်နေရတာကို။ တရုတ်ပြောတိုင်း လိုက်မလုပ်တာက တစ်ပိုင်း။ အိန္ဒိယကို ဘက်ပြောင်းပြီး ဆက်ဆံမယ်ဆိုတဲ့အပိုင်းက မဖြစ်နိုင်ဘူး။ အိန္ဒိယကလည်း အခုတရုတ်ပေးတဲ့ အခွင့်အရေးမျိုး KIA ကို မပေးနိုင်ဘူး။ အဲဒီတော့ KIA အနေနဲ့ အိန္ဒိယနဲ့ ဆက်ဆံပြနေတာဟာ လျှို့ဝှက်တယ် ဘာတွေညာတွေ ဆိုတာက မဟုတ်ပါဘူး တမင်သက်သက် သတင်းတွေလွှင့်တာ။ ဒါတရုတ်ကို ဖိအားပေးဖို့အတွက်။ တရုတ်က သူတို့ကို ဖိအားပေးတာ နည်းနည်းလျော့အောင်အတွက် လုပ်နေတဲ့သဘော။ သူတို့ပါးပါတယ်။ KIA ရဲ့ ခေါင်းဆောင်တွေက တော်တော်ပါးနပ်တာပဲ။ KIA ဆိုရင်လည်း သူ့မှာ မြေရှားသတ္တုတွေရှိတယ်။ ဒါပေမယ့် ခက်တာက သူ့ရှိတဲ့ မြေရှားသတ္တုတွေက တရုတ်နဲ့ နယ်ချင်းစပ်နေတဲ့ နေရာတွေမှာပဲရှိတယ်။ နောက် မြေရှား သတ္တုရဲ့ ထူးခြားချက်က ဘာလဲဆိုတော့ ထုတ်ရတာရော၊ သန့်စင်ရတာရော သိပ်ပြီးတော့ ပတ်ဝန်းကျင် ထိခိုက် တယ်။ အဲဒါမျိုးက တရုတ်က အစောကြီးကတည်းက တရုတ်က လုပ်ထားတာ။ အဲဒီတော့ အစားထိုးဖို့ဆိုတာ မလွယ်ဘူး။ G 7 ကထုတ်တဲ့ ကြေညာချက်ပဲကြည့် မြေရှားသတ္တုနဲ့ ပတ်သက်လို့ သီးခြား တရုတ်ကို အားကိုး နေရတာ မဟုတ်ဘဲ သီးခြားလုပ်ချင်ပေမယ့် ကျန်တဲ့နိုင်ငံတွေက သိပ်စိတ်မဝင်စားဘူး။ ဒါက ပတ်ဝန်းကျင်ကို သိပ်ထိခိုက်တာ။ ပြီးတော့ တရုတ်က နှစ်ပေါင်း ၂၀ လောက် ရင်းနှီးမြှုပ်နှံထားပြီးသား။ အဲဒီတော့ တရုတ်ဆီက ဝယ်လိုက်ရတာမှ လွယ်သေးတယ်လေ။ အဲဒီတော့ ဒီကိစ္စက KIA အနေနဲ့ အိန္ဒိယကို ဆက်ဆံမှုကို အဲဒီလိုလုပ်နိုင်ဖို့ သိပ်တော့မရှိဘူး” ဟု ပြောသည်။

အိန္ဒိယနှင့် KIA တို့ကြား လျှို့ဝှက်သဘောတူညီချက်တစ်ခု ချုပ်ဆိုခဲ့ကြောင်း အထူးစုံစမ်းထောက်လှမ်းမှုတစ်ခုအရ ဖော်ထုတ်သိရှိနိုင်ခဲ့သည်ဟု အမေရိကန်အခြေစိုက် Silicon Valley Time မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ဖော်ပြခဲ့ သည်။

 KIA မြေရှားသတ္တုထုတ်နေစဉ်

အဆိုပါ သဘောတူညီချက်အရ အိန္ဒိယကို မြန်မာနိုင်ငံမှ မြေရှားသတ္တု အရင်းအမြစ်များ ရယူခွင့်ရှိစေမည်ဖြစ်ပြီး အပြန်အလှန်အနေဖြင့် KIA ကို လက်နက်များ၊ ဆေးဝါးများနှင့် အခြားထောက်ပို့ အကူအညီများ ပေးမည်ဆိုသည့် အချက်များ ပါဝင်သည်။

မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်တွင် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်မှ စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်ပြီး ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ် (Rihkhawdar) မြို့အထိ ဆက်သွယ်မည့် ဒုတိယမြောက် မဟာဗျူဟာမြောက် လမ်း တစ်ခု ဖောက်လုပ်မည့် လျှို့ဝှက် အစီအစဉ်လည်း ပါဝင်သည်။

တရုတ်နိုင်ငံသည် ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေကာ ကချင်ဒေသတွင်း၌ မြေရှားအပြင် တရုတ်၏ အဓိက ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်း၊ ဓာတ်အားပေး စက်ရုံများနှင့် စိုက်ပျိုးရေး လုပ်ငန်း များလည်း ရှိသဖြင့် KIA အတွက် ရွေးချယ်စရာမရှိဘဲ မဖြစ်မနေ ဆက်ဆံရမည့် အိမ်နီးချင်း ဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

KIA အနေဖြင့် တရုတ်ကို ထိပ်တိုက် မတွေ့သော်လည်း တရုတ်၏ အကျိုးစီးပွားများအား မထိခိုက်စေရန် ကတိ ကဝတ်ပြု ချဉ်းကပ်လေ့ရှိသကဲ့သို့ တစ်ဖက်တွင် တရုတ်၏ ဖိအားများကိုလည်း ၎င်းတို့ စစ်ရေးရည်မှန်းချက် မထိခိုက်စေရန် လိမ္မာပါးနပ်စွာ အချိန်ဆွဲ ညှိနှိုင်းသည့် ဗျူဟာကို သုံးကြောင်း ထောက်ပြမှုများရှိသည်။

တရုတ်နဲ့အိန္ဒိယ ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်

အိန္ဒိယကမူ လုံခြုံရေး၊ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို လက်ရှိ မြန်မာနိုင်ငံအစိုးရနှင့် အတိအလင်း မြှင့်တင်ထား ကာ အိန္ဒိယအရှေ့မြောက်ပိုင်းမှ သူပုန်များအား နှိမ်နင်းရန်နှင့် နယ်စပ်လုံခြုံရေးအတွက် မြန်မာ့တပ်မတော်အပေါ် အဓိက အားကိုးထားသည်။

အိန္ဒိယသည် KIA နှင့် နယ်နိမိတ်ချင်း တိုက်ရိုက် မထိစပ်သည့်အပြင် KIA ကို တရုတ်သြဇာခံ အဖွဲ့တစ်ခုအဖြစ် သံသယဝင် ကြည့်ရှုတတ်ကြောင်း၊ ထို့ကြောင့် KIA အနေဖြင့် အိန္ဒိယကို အဓိက မဟာမိတ်အဖြစ် သွားရောက် ချဉ်းကပ်ရန် အလားအလာ နည်းပါးကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။

KIA သည် အိန္ဒိယနှင့် ဆက်ဆံရေးထက် အိန္ဒိယနယ်စပ်နှင့် နီးစပ်သည့် စစ်ကိုင်းတိုင်းထဲမှ PDF များ၊ မြေပြင် စစ်ရေး အသာစီးရမှုများအပေါ်တွင်သာ ပို၍ အာရုံစိုက်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။

လက်ရှိတွင် မြေရှားသတ္တု ထွက်ရှိရာ ဒေသများကို KIA က အဓိက ထိန်းချုပ်ထားသည့်အတွက် ငြိမ်းချမ်းရေး နည်းဖြင့် သွားမည်ဆိုပါက တရုတ်-အိန္ဒိယတို့နှင် ပြန်လည်ဆက်စပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

 တရုတ်-မြန်မာ-အိန္ဒိယ ခေါင်းဆောင် ၃ ဦးကို တွေ့ရစဉ် 

၎င်းက “ကျနော်တို့က မြေရှားနဲ့ပတ်သက်ရင် တရုတ်ရော၊ အိန္ဒိယနဲ့ရော G to G စကားပြောရမှာ။ အဲဒီလိုပြော ဖို့ဆိုရင် အဲဒီမြေရှား ထွက်နေတဲ့ နေရာတွေက ကျနော်တို့ရဲ့ တရားဝင် အုပ်ချုပ်ရေးအောက်မှာ ရောက်သွားရမယ်။ ဆိုတော့ အဲဒီအဆင့်တွေက အများကြီး ကျန်သေးတယ်။ လုပ်ရမှာတွေ တစ်ပုံကြီး ရှိပါသေးတယ်။ ငြိမ်းချမ်းရေး နည်းနဲ့သွားမလား၊ စစ်ပွဲကို အပြီးတိုင် တိုက်ပွဲတွေနဲ့ အဆုံးအဖြတ်ပေးမလား ဒီ ၂ ချက်ကို စဉ်းစားရမှာ။ အဆုံး တိုက်မယ်ဆိုရင် လူတွေ အများကြီးသေမယ်။ တခြား ဘေးထွက် ဆိုးကျိုးတွေ အများကြီးပေါ်လာမယ်။ ငြိမ်းချမ်း ရေး နည်းနဲ့သွားတာကတော့ ပိုကောင်းတာပေါ့။ အဲဒီအပေါ်မှာ ဘယ်လိုသွားမလဲဆိုတဲ့ဟာက သူတို့နဲ့ပဲ ပြန်ဆက် စပ်တာ။ တရုတ်-အိန္ဒိယနဲ့ပဲ ပြန်ဆက်စပ်တာ။ အဲဒါတွေကို ကျနော်တို့က လေးလေးနက်နက် စဉ်းစားပြီးမှ ဒီကိစ္စ တွေ ဆောင်ရွက်ရမှာ။ သာမန် ဘလူးရှပ်ရှပ် ပြောလို့တော့ မရဘူး။  သယံဇာတက စစ်ပွဲအတွက် ဖြစ်နေတာ။ သယံဇာတသည်သာလျှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားမယ်ဆိုရင် ဒီချဉ်းကပ်မှုက ပြောင်းသွားမယ်။ အခုက တရုတ်က လာလုပ်တယ်ဆိုတာက သူတို့က တရုတ်ကုမ္ပဏီ အသေးလေးတွေ။ အကြီးတွေက မလာရဲဘူး။ လာရင် နာမည်ပျက်တယ်လေ။ G to G လည်းမလိုဘူး ခိုးတူးတာကို။ ခိုးတူးတာက သူခိုးတွေအလုပ်ပဲ။ ဒါသူခိုးလေးတွေ လာလုပ်နေတာ။ အဲဒီကနေမှ ပြန်ပြီးတော့း သူခိုးလက်ခံ ပြန်လုပ်တာဗျာ။ ကုမ္ပဏီကြီးတွေက။ မြေရှားသန့်စင်ပြီး လို့ ဈေးကွက်ထဲ အဆင့်ဆင့်ရောက်ရင် export လုပ်တာဖြစ်လာရော။ အဲဒီတော့ အဲဒီကွင်းဆက်က အရေးကြီး တယ်။ အဲဒီကွင်းဆက်ကို ဘယ်သူထိသလဲ။ ထိတဲ့သူကို ကလဲ့စားပြန်လှည့်တာလေ။ အဲဒီကွင်းဆက်ကို သိဖို့လို တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသည် အင်အားကြီး အိမ်နီးချင်းနိုင်ငံ နှစ်ခုဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့၏ ပထဝီနိုင်ငံရေး၌ အရေးကြီးဆုံး ဆုံချက်ဖြစ်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။

မြန်မာနိုင်ငံတွင် တရုတ်၏ အဓိက မဟာဗျူဟာမြောက် စီမံကိန်းကြီးများသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ကို ဖြတ်သန်းသွားရခြင်းဖြစ်ကာ ထိုလမ်းကြောင်းများ၌ UWSA, MNDAA, TNLA, SSPP, KIA, PDF နှင့် AA တို့ ထိန်းချုပ်လှုပ်ရှားကြသည်။

ထို့ပြင် အိန္ဒိယ၏ စီမံကိန်းဖြစ်သည့် ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံကုန်သွယ်ရေးလမ်း စီမံကိန်းတို့သည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအတွင်း ပါဝင် နေပြီး ထိုဒေသများတွင် AA, CNF,CDF,SNA တို့အပြင် နာဂနှင့်ကသည်း လက်နက်ကိုင် ထိန်းချုပ် လှုပ်ရှားလျက် ရှိကြသည်။