CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၅

မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံတည်း ဆက်ဆံရေးထက် အင်အားကြီးနိုင်ငံများအား မျှခြေထိန်းရန် လုပ်ဆောင်ရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လ က CNI သတင်းဌာနသို့ ပြောသည်။ 

မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်ကာ ထို နှစ်နိုင်ငံလုံး၏အကျိုးစီးပွားအပါအဝင် ဘက်ပေါင်းစုံ၌ မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ အရေးပါသည့် အခန်းကဏ္ဍ၌ ရှိနေသည်။

တရုတ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးနှင့် သံအမတ်တို့သည် မြန်မာနိုင်ငံ သမ္မတနှင့် ဒုသမ္မတတို့ဖြင့် တွေ့ဆုံခဲ့ပြီးနောက် သမ္မတဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်စတင်ခဲ့ခြင်းဖြစ်သည်။

တရုတ်-အိန္ဒိယ နှစ်နိုင်ငံသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စောင့်ကြည့်ထိန်းချုပ်ရေး ပေါ်လစီဖြင့် အပြန်အလှန် ကျင့်သုံးနေသည်ကို မြင်တွေ့ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လ က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “နိုင်ငံတိုင်းက ဒီလိုပဲ Diplomacy အရ ကျင့်သုံးရမယ့်ကိစ္စပါပဲ။ အဲဒီတော့ အထူးသဖြင့် ကျနော်တို့ မြန်မာနိုင်ငံအရေးပါတာက ကျနော်တို့က ပထဝီနိုင်ငံရေးအရ (Indo-Pacific) ရဲ့ အနောက် (Indo-Pacific ) ပေါ့ အလယ် (Indo- Pacific) ကကျတော့ အခု တောင်တရုတ်ပင်လယ်နေရာပေါ့နော်။ ကျနော်တို့က အနောက်ကျတယ်။ အဲဒီတော့ အနောက် Indo-Pacific မှာ malacca strait ရဲ့ အပြင်ဘက် မှာဆိုရင် ကျနော်တို့က အရင်းနှီးဆုံးဖြစ်နေတယ်။ ဖြစ်နေတော့ အဲဒီဟာက အိန္ဒိယအနေနဲ့ ရှုမြင်ချက် ကြည့်မယ်ဆိုရင် တစ်နိုင်ငံလက်ထဲမှာ မြန်မာက ထိန်းချုပ်ထားခံရဖို့က သူတို့အမြင်နဲ့ စဉ်းစားချက် ဆိုလည်း ခက်ခဲတယ်ပေါ့နော်။ ဒီလိုပဲ ကျနော်တို့ကိုယ်၌က မြန်မာနိုင်ငံကိုယ်၌ကလည်း တစ်နိုင်ငံတည်း ဆက်ဆံတာထက် အင်အားကြီးနိုင်ငံတွေနဲ့ မျှခြေထိန်းဖို့အတွက် ကျနော်တို့ ကိုယ်၌က လုပ်ရမှာ။ လုပ်ရမှာဆိုတော့ တရုတ်ကလည်း အိန္ဒိယကို (Containment Policy) ကျင့်သုံးတာပဲ။ ဒီလိုပဲ စောင့်ကြည့် ထိန်းချုပ်ရေး Policy ကျင့်သုံးတယ် ဘယ်လိုနည်းနဲ့ ကျင့်သုံးလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်ရယ်၊ ပါကစ္စတန် အဲဒီနှစ်ခုနဲ့ ဆက်ဆံရေးထူထောင်ပြီးတော့မှ အခု အာဖဂန်တောင် တရုတ်နဲ့ပိုပြီးတော့မှ ရင်းနှီးတယ်။ အဲဒီတော့ အဲဒီလို အာဖဂန်ရယ်၊ ဘင်္ဂလားဒေ့ရှ်ရယ်၊ ပါကစ္စတန်နဲ့ အိန္ဒိယကို (Containment Policy) ကျင့်သုံးတာပဲလေ။ အိန္ဒိယကလည်း အဲဒါကို ပြန်ချေဖျက်ဖို့ တရုတ်ကို Containment Policy ကျင့်သုံးမယ်ဆိုရင် အနည်းဆုံးတော့ (Land Bridge) ဖြစ်နေတဲ့ ကျနော်တို့ နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ သူက ပိုပြီးတော့မှ မျှခြေလုပ်ရမှာ၊ ဆက်ဆံရမှာ။ အဲဒီလိုတွေ အပြန်အလှန်တွေ ရှိတယ် ဒါကတော့ ပထဝီနိုင်ငံရေး အရေးပါတဲ့ နေရာမှာရှိတဲ့နိုင်ငံတိုင်းက ဒီတိုင်းပဲသွားတယ်” ဟုပြောသည်။

တရုတ်-မြန်မာ-အိန္ဒိယ မြေရှားကို တွေ့ရစဉ်

အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယ အင်အားကြီး နှစ်နိုင်ငံကြားထဲတွင် မြန်မာနိုင်ငံအနေဖြင့် ပါးနပ်စွာ နိုင်ငံရေးကို ကစားသင့်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် တရုတ်- အိန္ဒိယတို့နှင့် ဆက်စပ်နေသည့် ဒေသများမှာ ရှမ်း၊ ကချင်၊ ချင်း၊ စစ်ကိုင်း၊ ရခိုင် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များဖြစ်ကြပြီး အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်- အိန္ဒိယတို့နှင့် ဆက်စပ်ဒေသများအားလုံးကို သတိထားရန်လိုအပ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။ 

တရုတ်- အိန္ဒိယတို့၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် သဘောထားသည် ၎င်းတို့၏ ကိုယ်ပိုင်အမျိုးသား အကျိုးစီးပွား၊ ပထဝီဝင်နိုင်ငံရေး ယှဥ်ပြိုင်မှုနှင့် နယ်စပ်တည်ငြိမ်ရေးတို့အပေါ်တွင် အခြေခံထားကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။ 

တရုတ်၏ အဓိက ရည်မှန်းချက်သည် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်နှင့် စီးပွားရေးအကျိုးအမြတ်ဖြစ်ပြီး အိန္ဒိယ၏ ရည်မှန်းချက်သည် အရှေ့မြောက်နယ်စပ် လုံခြုံရေးနှင့် တရုတ်ကို တန်ပြန်ရေးဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။ 

တရုတ်သမ္မတနှင့် မြန်မာသမ္မတကို တွေ့ရစဉ်

မြန်မာနိုင်ငံအနေဖြင့် တရုတ်-အိန္ဒိယနှစ်နိုင်ငံနှင့်သာမက အနောက်အုပ်စုတို့ဖြင့်လည်း ဆက်ဆံရမည်ဖြစ်ကြောင်း၊ ထို့ပြင်"3G Plus One" Ideology ဖြင့်လည်း ဆောင်ရွက်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု သမ္မတဦးမင်းအောင်လှိုင် အစိုးရပေါ့နော်။ အစိုးရအနေနဲ့က သူ့ဆောင်ရွက်ချက်တွေက ကောင်းပါတယ်။ ဘာပဲပြောပြော တရုတ်အပေါ်မှာချည်းပဲမဟုတ်ဘူး BRIလည်း ကျနော်တို့လုပ်ရမှာကို။ ဒါလည်း စာချုပ်စာတမ်းတွေအရ လေးစားလိုက်နာပြီးတော့ အကောင်အထည် ဖော်ရမှာပဲ။ ဒီလိုပဲ တရုတ်အပေါ်မှာကြီးပဲ မှီခိုတာ မသက်ရောက်အောင်လို့ အိန္ဒိယနဲ့လည်း ဆောင်ရွက်တာ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေပါတယ်။ ဒီလိုပါပဲ ကျနော်တို့က အနောက်အုပ်စုနဲ့ လည်း ဆက်ဆံရမှာ။ သူတို့ Sanction တွေ မရှိရင် ကျနော်တို့ လုပ်ရမှာ၊ ဆက်ဆံရမှာပဲ။ ဒါပေမယ့် အခုက‌ အပြော‌များနေတာပေါ့နော် အပြောများနေတဲ့ဟာက (3G + 1 Ideology) ပေါ့နော်။ (Geopolitical Ideology) အဲဒီဟာက တော်တော်ကောင်းတယ် ကျနော်မြင်တဲ့ အမြင်က။ ဒါက အခုကျနော်တို့မြန်မာနိုင်ငံ ဆောင်ရွက်သင့်တဲ့ (Ideology)။ 3G ဆိုတာက (ရုရှား၊ တရုတ်၊ အိန္ဒိယ) ရယ် ကျနော်တို့ကြည့်နေတာက ရုရှားနဲ့ပါ (Plus One) ဆိုပြီးတော့ ဘာကြောလို့လဲဆိုတော့ (Shanghai Cooperative) လို့ခေါ်တဲ့ Shanghai အုပ်စုမှာ ကျနော်တို့မြန်မာနိုင်ငံက (Strategic Partner) အနေနဲ့ အခုပါနေတယ်။ အဲဒီတော့ Shanghai Cooperative ကို ကျနော်တို့မြေပုံမှာကြည့်မယ်ဆိုရင် ဗဟိုအာရှရယ်၊ မော်စကိုရယ်၊ ရုရှားရယ်က နောက် အိန္ဒိယ၊ တရုတ် အဲဒီလိုမျိုးတွေပါတယ်။ ပါတဲ့နေရာမှာ ပင်လယ်ထွက်ပေါက်ကို SCO ရဲ့ ပင်လယ်ထွက်ပေါက်က အာဆီယံဘယ်မှာဆိုရင် ကျနော်တို့ မြန်မာနိုင်ငံက ရေလမ်းကြောင်းအပွင့်။ အဲဒီတော့ SCO နဲ့တရုတ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး နေရာမှာ SCO မှ Strategic Partner ဖြစ်လာတဲ့ အတွက်ကြောင့်မို့ ဒီအဖွဲ့၀င်နိုင်ငံတွေ ဖြစ်တဲ့ ရုရှား ဆိပ်ကမ်း‌တွေ၊ တဆင့်ခံဆိပ်ကမ်းတွေက အရေးပါလာတယ်။ အရေးပါလာတယ်ဆိုတော့ ကျနော်တို့က ဒါကို ပြောမယ်ဆိုရင် (3G+1 Geopolitical Ideology) က ကျနော်တို့ ကျင့်သုံးရမှာ တရုတ်၊ အိန္ဒိယတင် မကဘူး။ ကျန်တဲ့ အင်အားကြီးနိုင်ငံတွေပါ ကျနော်တို့ မျှခြေထိန်းတာတွေ ဆောင်ရွက်တာတွေလုပ်ရမှာ။ အဲဒါက ဒါဆိုရင် အာဆီယံအဖွဲ့တွေနိုင်ငံထဲက နောက်ထပ် (Polarization) တစ်ခုပေါ့နော်။ Indo-Pacific မှာ နောက်ထပ် ၀င်ရိုးအသစ်တစ်ခုကို မြန်မာနိုင်ငံက ဖန်တီးနိုင်ကောင်းနိုင်လိမ့်မယ်ပေါ့။ ဒါပေမယ့် အခု လက်ရှိ မြန်မာ့နိုင်ငံရေး Institution တွေက အဲဒါကို စဉ်းစားနေတာတော့ရှိတယ် အဲဒါတော့ ကောင်းတယ် ဒါကျနော်မြင်တဲ့အမြင်ကို ပြောပြတာ” ဟုပြောသည်။

အိန္ဒိယဝန်ကြီးချုပ်နှင့် မြန်မာသမ္မတကို တွေ့ရစဉ်

တရုတ်အစိုးရ အနေဖြင့် လာမည့် ငါးနှစ်အတွင်းတွင် မြန်မာနိုင်ငံအတွင်း တရုတ်၏ စီမံကိန်းများ ဖြစ် သည့် ပိုးလမ်းမစီမံကိန်းနှင့် ကျောက်ဖြူရေနက်စီမံကိန်းကို အပြီးသတ် လုပ်သွားမည့် အလားအလာ ရှိနိုင်သည်ဟု တရုတ်-မြန်မာအရေး လေ့လာသူတွေက ‌ထောက်ပြကြသည်။ 

အလားတူ အိန္ဒိယနိုင်ငံသည်လည်း ကုလားတန်မြစ် ဘက်စုံစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်း ဖော်ဆောင်ရေး အကောင်အထည်ဖော်လျက်ရှိသည်။

ထို့ပြင် တရုတ်က အဓိက လုပ်ကိုင်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံမှ မြေရှားသတ္တုကိုလည်း အိန္ဒိယ ဘက်မှ စိတ်ဝင်စားလျက်ရှိကာ သမ္မတဦးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံချိန်တွင် ၎င်းကိစ္စကို ဆွေးနွေးခဲ့ကြသဖြင့် မြေရှားနှင့်ပတ်သက်၍ တရုတ် နှင့် အိန္ဒိယအကြား မြန်မာအစိုးရက မည်ကဲ့သို့ ဆောင်ရွက်မည်ကို စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက စောင့်ကြည့်လျက်ရှိသည်။