CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁

တရုတ်၏ စီးပွား‌ရေးအင်အားဖြင့် မြန်မာနိုင်ငံအား ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် တည်ဆောက်၍ ရနိုင် သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေး၊ နည်းပညာ၊ အခြေခံ အဆောက်အအုံ အင်အားများကို အသုံးချ၍ ရနိုင်သော်လည်း တရုတ်နိုင်ငံတစ်ခုတည်းအပေါ် လုံးဝ အမှီပြု၍ နိုင်ငံအား အောင်မြင်စွာ တည်ဆောက်ရန် မဖြစ် နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

တရုတ်နိုင်ငံ အနေဖြင့် အိမ်နီးချင်းကောင်း ပီသခဲ့ပါက ၎င်း၏အင်အားကိုယူကာ နိုင်ငံအတွက် အသုံးပြုမည် ဆိုလျှင် အားဖြစ်နိုင်သော်လည်း တရုတ်သည် အိမ်နီးချင်းကောင်း မပီသသဖြင့် နိုင်ငံအတွက် အန္တရာယ်ရှိကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်က တကယ် အိမ်နီးချင်းကောင်း ပီသခဲ့ရင်တော့ အခုတရုတ်က အရမ်းကြီးထွားနေပြီ ဆိုတဲ့အခါ ကြတော့ တရုတ်အင်အားကို ယူပြီး သုံးနိုင်မယ်ဆို အားဖြစ်လာမှာပေါ့။ အခု ကျနော့် အမြင်အရ ပြောရင် တရုတ် က အိမ်နီးချင်းကောင်း မပီသဘူး။ ဘာလို့ဆို ဒီနိုင်ငံရဲ့ သယံဇာတတွေ သူပဲယူချင်တယ်။ ဒီနိုင်ငံကို အလုပ်အကျွေး ပြုတာ သိပ်မရှိဘူး။ ဒီနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို လုပ်‌ပေးခဲ့တာတွေ မတွေ့ရှိရဘူး။ ဒီအတွက်ကြောင့် တရုတ်အင်အားနဲ့သာ ကျနော်တို့ အစစအရာရာ တည်ဆောက်မယ် ဆိုရင်တော့ ကျနော်တို့ ၁၈၈၈ ခုနှစ်တုန်းက အင်္ဂလိပ်လက်အောက်ကို ကျခဲ့တယ်။ ယနေ့လည်း တရုတ်နိုင်ငံရဲ့ ကိုလိုနီနယ်တစ်ခုလို ဖြစ်သွားပါလိမ့်မယ့် ခေတ်သစ် ကိုလိုနီပေါ့နော်။ အဲဒီလိုတွေ ဖြစ်သွားနိုင်ပါတယ် သူ့အားနဲ့သာ တည်ဆောက်မယ်ဆိုရင်။ အခု တောင်အာဖရိက နိုင်ငံများဆိုရင်တော့ တရုတ်ရဲ့ ကြွေးမြီတွေ၊ ဗင်နီဇွဲလားဆိုရင်လည်း တရုတ်ကြွေးမြီ ပြဿနာတွေ၊ အဲဒါနဲ့ လူထုက ပြဿနာ တော်တော်လေး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အနောက်နဲ့ EU ကြားထဲမှာ ကောင်းကောင်း ကစားပြီးမှ ကိုယ့်နိုင်ငံ တိုးတက်မြင့်မားအောင် ‌ဆောင်ရွက်လို့ရပါတယ်။ တရုတ် အားတစ်ခုတည်းနဲ့တော့ ကျနော် တို့ နိုင်ငံတိုးတက်မယ်လို့တော့ မမြင်ဘူး။ win-win နဲ့ သွားတာမတွေ့ရဘူး” ဟု ပြောသည်။

တရုတ်၏ BRI စီမံကိန်းလမ်းကြောင်းကိုတွေ့ရစဉ်

တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းလည်းဖြစ်သလို  မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကဏ္ဍ၌လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။ 

တရုတ်အင်အားအပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ အလွန်အကျွံ မှီခိုမိပါက မြန်မာနိုင်ငံ၏ မူဝါဒ ရေးဆွဲမှုများတွင် လွတ်လပ်မှု အားနည်းသွားနိုင်ပြီး ဩဇာလွှမ်းမိုးမှု ခံရနိုင်ကြောင်း၊ စီမံကိန်းကြီးများကို စနစ်တကျ မတွက်ချက်ဘဲ တရုတ်ချေးငွေများဖြင့် တည်ဆောက်ပါက ရေရှည်တွင် ပြန်လည် မပေးဆပ်နိုင်ဘဲ အမျိုးသားအကျိုးစီးပွား ထိခိုက်နိုင်သည့် အချို့နိုင်ငံများလည်း ရှိခဲ့ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အသွားထက်သည့် ဓားတစ်လက်ကဲ့သို့ ဖြစ်နေလိမ့်မယ်ဟု ၎င်းတို့က သုံးသပ်ကြသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများဖြစ်သည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရထား လမ်းများနှင့် လမ်းပန်းဆက်သွယ်ရေး ကွန်ရက်များသည် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးကို မြှင့်တင်ပေးနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ယူဆကြသည်။

ထို့ပြင် လျှပ်စစ်မီးရရှိရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် (နေရောင်ခြည်နှင့် ရေအားလျှပ်စစ်) နှင့် ဒစ်ဂျစ်တယ် နည်းပညာ တည်ဆောက်ရေးတို့တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများသည် မြန်မာနိုင်ငံအတွက် များစွာ အထောက်အကူ ပြုနိုင်သည်။

အလားတူ မြန်မာ့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်များအတွက် တရုတ်နိုင်ငံသည် အကြီးမားဆုံးသော နယ်စပ်စျေးကွက်ကြီး ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

သို့သော် တရုတ်၏ ခေတ်သစ် ကုန်သွယ်လမ်းကြောင်း ပိုးလမ်းမ (BRI) စီမံကိန်းသည် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်သောကြောင့် မြန်မာနိုင်ငံ အနေဖြင့် တရုတ်အင်အားနှင့် နိုင်ငံတည်ဆောက်၍ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီတော့ ကျနော်တို့က မဖြစ်မနေ သွားရမှာက BRI တရုတ်စီမံကိန်း။ ကျနော်တို့က စာချုပ်ချုပ် ဆိုပြီး သားတွေ၊ သဘောတူညီပြီးသားတွေ၊ ကျောက်ဖြူစီမံကိန်းဆို အကောင်အထည် စဖော်နေပြီ။ အဲဒီဟာတွေကို လုပ်ကို လုပ်ရမယ့်ဟာတွေတော့ ပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံသားတွေနဲ့ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာ မထိပါးအောင်တော့ ဒါကိုတော့ သတိပြုရမယ်။ BRI က လုပ်တတ်ရင်တော့ ကမ္ဘာ့ကုန်သွယ်ရေး လမ်း ကြောင်းထဲကို ကျနော်တို့က ရောက်သွားမှာ။ တရုတ်ရဲ့ အင်အားနဲ့ ကျနော်တို့နိုင်ငံကို တည်ဆောက်လို့ရတယ်။ ဥပမာ ဘင်္ဂလားဒေ့ရှ်ကို ကြည့်ကြည့်ရအောင်။ ဘင်္ဂလား‌ဒေ့ရှ် အခုတလော အရဲတကုပ် သူလုပ်တာတွေ ရှိတယ်။ တရုတ်နဲ့လည်း စီးပွားရေး၊ အခွင့်အရေး တည်ဆောက်မှုတွေ အများကြီးလုပ်တယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ရဲ့ တစ်ခုတည်းသော ရေနက်ဆိပ်ကမ်းကို Matarbari ကို US ရေတပ်ကို ယာဉ်ရပ်နားခွင့်၊ ရိက္ခာဖြည့်ခွင့်တွေ အဲဒီလို စစ်ရေးဆိုင်ရာ agreement တွေ သူက ထပ်ဖွင့်တယ်။ ဆိုလိုတာက နိုင်ငံတစ်ခုက သူ့ရဲ့ diplomacy နဲ့ သူ့ရဲ့ မျှော်မှန်းချက်တွေ၊ နောက်တစ်ခါ သူ့ရည်မှန်းချက်တွေကို စိတ်ကြိုက် လုပ်ပိုင်ခွင့် ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ နိုင်ငံကလည်း BRI ကို စာချုပ်တွေချုပ်ပြီး လုပ်တာက လုပ်သင့်လုပ်ထိုက်တယ်။ စာချုပ် ချုပ်ပြီးတဲ့အခါ ကောင်း ကောင်းမွန်မွန် ဆက်ပြီးလုပ်ရမယ်။ ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းထဲကို ကျနော်တို့ ရောက်ဖို့အတွက် ကောင်း မွန် မှန်ကန်တဲ့ နည်းလမ်းတွေ ပြင်ဆင်ရမယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အသစ် တက်လာပြီးနောက် ဧပြီလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ လာရောက်ခဲ့ကာ နှစ်နိုင်ငံကြား စီမံကိန်းများအား အကောင်အထည် ဖော်ဆောင်ရန် ပြောကြားသွားခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် မေလကလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia နှင့်အဖွဲ့ဟာ ဒုသမ္မတများ နှင့်တွေ့ဆုံခဲ့ကြပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တိုးမြှင့်ရေးတို့အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်ရန် ရှိနေသလို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်မှုများရှိကြောင်း သိရသည်။