CNI New

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃

တရုတ်ကွန်မြူနစ်ပါတီသည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီ ၅၀ ကျော်ရှိသည့်အနက် နစက ကျင်းပမည့် ရွေးကောက်ပွဲတွင် အာဏာရလာနိုင်သည့် နိုင်ငံရေးပါတီများအား ရွေးချယ်၍ တရုတ်ပြည်သို့ ဖိတ်ခေါ်ကာ ချဉ်းကပ်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်ထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ပါတီ(PP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ) စသည့် နိုင်ငံရေးပါတီ ၄ ပါတီကို တရုတ်ပြည်သို့ ဖိတ်ခေါ်ခဲ့သည်။

ထို့နောက် တရုတ်ကွန်မြူနစ်ပါတီသည် ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကို တရုတ်ပြည်သို့ ဖိတ်ခေါ်ခဲ့သလို ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အား တရုတ်ပြည်သို့ ဖိတ် ခေါ်ခဲ့သည်။

အလားတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်မှ ၂၃ ရက်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကို တရုတ်ပြည်သူ တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ခေါ်ခဲ့ သည်။ 

အဆိုပါ နိုင်ငံရေးပါတီများသည် နစက ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲအလွန်တွင် အစိုးရအဖွဲ့အတွင်း နေရာများ ရရှိနိုင်သူများအဖြစ် ပြည်တွင်း/ပြည်ပမှ သံတမန်များကြား ယူဆထားကြသည်။

ဒေါက်တာအေးမောင် တရုတ်ပြည်ကို ရောက်ရှိနေစဉ်

တရုတ်သည် ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့အတွင်း ပါဝင်နိုင်ခြေရှိသူများကို တွက်ဆ၍ ကောင်းမွန်သော ဆက်ဆံရေး တစ်ခုကို ကြိုတင် တည်ဆောက်နေခြင်းဖြစ်နိုင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေနဲ့ကတော့ ရွေးကောက်ပွဲ အလွန်မှာ‌ ‌ပေါ်လာမယ့် အစိုးရ တစ်ရပ်မှာ အဖွဲ့အစည်းတစ်ခု လူပုဂ္ဂိုလ်တစ်ဦးက ဦးဆောင်တဲ့ အစိုးရ မဟုတ်ဘဲနဲ့ stakeholders ပေါင်းစုံပေါ့ နော် အထိုက်အလျောက်တော့ အဖွဲ့အစည်း တစ်ခုထက်ပိုတဲ့ အဖွဲ့အစည်း ပြီးမြောက်တယ်ဆိုသော ပုဂ္ဂိုလ်က‌နေ ပြီး‌တော့မှ ဦးဆောင်တဲ့ အစိုးရ ဖြစ်မှာဖြစ်တဲ့အတွက် သူကတော့ ဖြစ်နိုင်ခြေရှိတဲ့လူ အစိုးရအဖွဲ့ထဲမှာ ပါဝင်နိုင် ခြေရှိတဲ့လူ ပါဝင်ခဲ့ရင်လည်း အစိုးရအဖွဲ့ထဲမှာ အထိုက်အလျောက်ပေါ့နော်။ ဩဇာအာဏာရှိတဲ့လူမျိုး ကြိုတင် တွက်ဆပြီးမှ အခုကတည်းက ကောင်းမွန်တဲ့ relation တစ်ခု တည်ဆောက်ထားတာပေါ့။ သူတို့နဲ့ တည်ဆောက်ထားတဲ့ အတိုင်း ဖြစ်လာတယ်။ ဒီအဖွဲ့ထဲမှာ ပါဝင်လာပြီးတော့မှ လုပ်ပိုင်ခွင့်ရမယ် အထိုက်အလျောက် ဩဇာရှိလာမယ် ဆိုရင် သူတို့အနေနဲ့ ကောင်းမွန်တဲ့ အကျိုးတွေ တည်ဆောက်ထားမယ်ဆိုရင် သူတို့အတွက်က အမြတ်ပဲ။ တကယ်လို့ ဒီလိုမျိုး တည်ဆောက်ထားတဲ့ လူတွေက အကုန်ဖြစ်မလာဘူး။ တချို့တစ်ဝက်ပဲ ဖြစ်လာမယ်၊  တချို့တစ်ဝက်က ဖြစ်မလာဘူးဆိုရင်လည်းပဲ သူတို့အတွက်ကတော့ ရင်းနှီးမြှုပ်နှံရေး နယ်ပယ်မှာ အမြတ်ရတယ် သူတို့အတွက် ဒီလောက် ရင်းနှီးမြှုပ်နှံထားရဖို့က သူတို့အတွက်က ဘာမှမဟုတ်ဘူးလေ”ဟု ပြောသည်။

နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိသည့်ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။

ထို့နောက် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၉ ပါတီရှိပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုမှာသာ ဝင်‌ရောက်ယှဉ်ပြိုင်မည့်ပါတီ ၄၈ ပါတီရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံရေးပါတီ ၅၀ ကျော်အနက် ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့နိုင်ခြေရှိသော ပါတီများနှင့် အစိုးရအဖွဲ့ အတွင်း ပါဝင်နိုင်သော နိုင်ငံရေးပါတီများမှာ မည်သည့်ပါတီများဖြစ်သလဲကို စိစစ်၍ တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သို့ ဖိတ်ခေါ်၍ ဆက်ဆံရေးကောင်းတစ်ရပ်ကို ကြိုတင်တည်ဆောက်နေခြင်းဖြစ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။ 

တရုတ်သည်  မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများနှင့် ပတ်သက်ပြီး ဆက်ဆံ‌ရေး ကောင်းမွန်သည့် အနေအထားရှိ ကြောင်း၊ ရွေးကောက်ပွဲတွင် အင်အားကောင်းမည်ဟု အထင်ရှိနေကြသည်မှာလည်း ထိုပါတီများဖြစ်၍ အသေး စိတ် သုံးသပ်ရန် မလိုကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

 နစကဥက္ကဋ္ဌနဲ့ တရုတ်ဝန်ကြီးချုပ်ကိုတွေ့ရစဉ် 

၎င်းက “မြန်မာနိုင်ငံနဲ့ အထူးသဖြင့် စီးပွားရေးပိုင်းပေါ့ နိုင်ငံရေးချင်းကလည်း တော်တော်လေး ရှည်ရှည်လျားလျား ချဉ်း ကပ်ထားတယ်၊ စီးပွားရေးကလည်း နယ်စပ်ကုန်သွယ်ရေးမှာ တော်တော်လေး၊ နယ်စပ်ကုန်သွယ်ရေး တော် တော် ကြီးကြီးမားမား လုပ်ဖူးတဲ့ နိုင်ငံအနေနဲ့ကတော့ ဘယ်သူပဲ နိုင်ငံမှာ ဒီတာဝန်ယူပြီး အုပ်ချုပ်သည် ဖြစ် စေ တရုတ်နိုင်ငံရဲ့ အစိုးရအဖွဲ့နဲ့က ပိုပြီး ရင်းရင်းနီးနီး ဖြစ်နိုင်ဖို့က ပိုပြီးတော့ အရေးကြီးပါတယ်။ အဲလိုမှပဲ နှစ်နိုင်ငံလုံး နောက်ပိုင်း ဖော်ဆောင်မယ့် စီမံကိန်းဖြစ်တဲ့ BRI နောက်ပိုင်း ကျနော်တို့ လုပ်ရမယ့် နှစ်နိုင်ငံတွဲ လုပ်ရ မယ့် စီမံကိန်းတွေ အများကြီးရှိတာကို။ အဲတာတွေအတွက် အဆင်ပြေဖို့က ဘယ်သူပဲ မြန်မာနိုင်ငံမှာ အုပ်ချုပ် သည် ဖြစ်ပါစေ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အရေးကြီးတာပေါ့လေ။ စီးပွားရေးက သူ တကယ်တန်း အလုပ်လုပ်ရမယ့် BRI နဲ့ပတ်သက်တဲ့ ထွက်ပေါက်ရှိမယ်။  ပြီးတော့ ခုနကပြောတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ပေါ့၊ GMEC ရှိမယ်။ အဲတော့ ဒါတွေနဲ့ပတ်သက်ပြီး အာမခံချက်ပေးနိုင်တာ နိုင်ငံရေးအရ တည်ငြိမ် ဖို့ လိုအပ်တယ်။ အခုတက်မယ့်  အစိုးရနဲ့ နှစ်ဘက် အကျိုးတူးပူး‌ပေါင်း ဆောင်ရွက်နိုင်ဖို့လိုတယ်။ ဒါတွေကို အဓိက ဦးတည်တာပဲ။ ကျနော့်အမြင်ကတော့ ဒီစီးပွားရေးအရ တိုးတက်နေတဲ့ တရုတ်ရဲ့ ဒီအရှိန်ပေါ့ တက်နေတဲ့ အရှိန်ကို အမှီပြုပြီး‌ ကျနော်တို့ နိုင်ငံလည်း ဒါနဲ့လိုက်ပါပြီးတော့ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရှာနိုင်တယ် ဆိုရင်တော့ အခွင့်အလမ်း ကောင်းတစ်ခု ဖြစ်မယ်လို့တော့ ကျနော်တို့ကတော့ မြင်ပါတယ်”ဟု ပြောသည်။

တရုတ်နိုင်ငံသည် မကြာခဏ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများကို စိစစ်ရွေးချယ်၍ တရုတ်ပြည်သို့ ဖိတ်ခေါ်၍ အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများကို လေ့လာခိုင်းသလို တရုတ်-မြန်မာ စီးပွားရေးဆိုင်ရာ ဆွေး နွေးပွဲများကိုလည်း ဖိတ်ခေါ်လေ့ရှိသည်။ 

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်မှ ၃၀ ရက်အထိ အငြိမ်းစား သမ္မတ ဦးသိန်းစိန်ကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့သေး သလို တစ်ပတ်ခန့်အကြာ ဇူလိုင် ၆ ရက်တွင် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုလည်း တရုတ်နိုင်ငံ သို့ ဖိတ်ခေါ်ခဲ့သေးသည်။ 

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တရုတ်နိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်နေ့အထိ သွားရောက်ခဲ့ပြီး တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ မြန်မာ့အရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။