CNI Interview 
၂၀၂၅ ခုနှစ်၊ ဇွန်လ ၇

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့ အပိုင်းလိုက် ခွဲ၍ ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

ထို့နောက် ရွေးကောက်ပွဲကို မည်သည့် စနစ်ဖြင့် ကျင်းပမည်လဲ၊ ဘယ်ဒေသများကို ဦးစားပေးကျင်းပမည်လဲ၊ ဘယ်လိုအပိုင်းလိုက် ခွဲ၍ကျင်းပမည်လဲ ဆိုသည့်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို CNI သတင်းဌာနက မေးမြန်းထားပါသည်။

CNI ။                ။  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲက PR စနစ်နဲ့လား၊ FPTP စနစ်နဲ့လား။ သို့မဟုတ် PR နဲ့ FPTP ရောစပ် ကျင်းပမှာလား။

UEC ။              ။ ကျင်းပမည့် ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)နှင့် အချိုးကျ ကိုယ်စားပြုစနစ်(PR) ၂ မျိုးလုံး အသုံးပြုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

CNI ။               ။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ မြို့နယ်အနက် မြို့နယ်ပေါင်း ဘယ်လောက်လောက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပါသလဲ။ 

UEC ။              ။ ရွေးကောက်ပွဲ ကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးသည့်အချိန်တွင် ဖြစ်ပေါ်လျက်ရှိသည့် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်သည့်မြို့နယ်များတွင် ဆောင်ရွက်သွားမည်ဖြစ် ပြီး မကျင်းပနိုင်သည့် နယ်မြေများကိုလည်း ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ပါတယ်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ စာရင်းဇယားများအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပဖို့ရှိပါတယ်။

CNI ။              ။ ပြည်သူ့လွှတ်တော်အတွက် မဲထည့်ရမယ့် စနစ်က  PR လား FPTP လား သိလိုပါတယ်။ အမျိုးသားလွှတ်တော်အတွက်  မဲထည့်ရမယ့် စနစ်က  PR လား FPTP လား သိလိုပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် မဲထည့်ရမယ့်စနစ်က  PR လား FPTP လား သိလိုပါတယ်။ 

UEC ။             ။ ကျင်းပမည့် ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)နှင့် အချိုးကျကိုယ်စားပြုစနစ်(PR) ၂ မျိုးလုံး အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက အသေးစိတ်သိရှိရမှာ ဖြစ်ပါတယ်။

CNI ။             ။ ရွေးကောက်ပွဲ မဲပေးရမယ့်စနစ်က မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine-MEVM)နဲ့ ဖြစ်တော့ ရလဒ်တွေကို ပြင်ဆင်ထားမျိုးတွေ လုပ်လာနိုင်တယ်လို့ ယူဆမှုတွေလည်း ရှိတယ်။ ဒီလိုမျိုး မဖြစ်အောင် ဘယ်လို အာမခံနိုင်ပါသလဲ။ 

UEC ။            ။ MEVM စက်များနဲ့ စမ်းသပ်မဲပေးခြင်းများကို နေပြည်တော်မှာရှိတဲ့ ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီး ဌာန၊ တက္ကသိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများနဲ့ တိုင်းဒေသကြီး/ပြည်နယ် ၉ ခုတို့မှာ ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေး ပါတီများကိုလည်း စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ပြီးဖြစ်ပါတယ်။

မဲပေးတဲ့သူကိုယ်တိုင် စိစစ်နိုင်အောင် ဆောင်ရွက်ထားပါတယ်။ စမ်းသပ်မဲပေးမှုများအရ ရလဒ်မှားယွင်းမှုမရှိ ကြောင်း တွေ့ရှိပါတယ်။ မဲပေးစက်မှာ Internet, Wifi, Bluetooth စနစ်များ  မပါဝင်ပါ။ ကွန်ပျူတာများကဲ့သို့ ဝင်းဒိုးစနစ်(OS)များ မပါဝင်ပါ။

မိုက်ခရိုကွန်ထရိုလာစနစ် ဖြစ်သည့်အတွက် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသော စနစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စံချိန်စံညွှန်းဥပဒေ(၂၀၁၄) နှင့်အညီ မဲပေးစက်၏ အရည်အသွေးနှင့် စံချိန်စံညွှန်းကို အမျိုးသားအဆင့် ထောက်ခံ အသိအမှတ်ပြုလွှာရရှိရေး ဆောင်ရွက်လျက်ရှိပါတယ်။

CNI ။               ။ ရွေးကောက်ပွဲကို ဘယ်တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ အရင်ဆုံး ကျင်းပဖို့ စီစဉ်ထားပါသလဲ။ ဒုတိယဦးစားပေး ကျင်းပမယ့် ဒေသတွေက ဘယ်ဒေသတွေ ဖြစ်မလဲ သိလိုပါတယ်။

UEC ။              ။  နယ်မြေဒေသ အခြေအနေအရ ကန့်သတ်ချက်ရှိတဲ့ နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအားလုံးမှာ ဦးစားပေး အစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားပါတယ်။

CNI ။               ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မဲပေးရမယ့်ရက်က တစ်ရက်တည်းပဲ လား သို့မဟုတ် ဘယ်နှရက်အထိ မဲပေးဖို့ ခွင့်ပြုသွားဖို့ ရှိပါသလဲ။

UEC ။              ။ ကျင်းပမည့် ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပဖို့လျထားပြီး အပိုင်းအလိုက် ရွေးကောက်ပွဲ ကျင်းပမည့်ရက်များကို သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။

CNI ။              ။ ရွေးကောက်ပွဲ မကျင်းပနိုင်သေးသည့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာဆိုရင် အဲဒီ ဒေသတွေ မှာပဲ ဝင်ပြိုင်ဖို့ လုပ်ထားတဲ့ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲ ဝင်ပြိုင်စရာမလိုတော့ဘူးလား သို့မဟုတ် ဘယ်လိုပုံစံနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ရှိနိုင်ပါသလဲ၊ အဲဒီဒေသက ပြည်သူတွေကရော ဘယ်လိုပုံစံနဲ့မဲပေးလို့ရတဲ့ စနစ်ကို စီစဉ်ပေးသွားဖို့ရှိပါသလဲ၊ (ဥပမာ- ရခိုင်ပြည်နယ်- ချင်းပြည်နယ်- ကယားပြည်နယ်- ကချင်ပြည်နယ်- စစ်ကိုင်းတိုင်းဒေသကြီး တို့မှာ ဝင်ပြိုင်မယ့် ပါတီတွေနဲ့ ပြည်သူတွေကို ရည်ညွန်းစဉ်းစားကြည့်ရန်)။

UEC ။              ။ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့်အညီ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ သက်ဆိုင်ရာလွှတ်တော်အလိုက် မဲဆန္ဒနယ်များကို သတ်မှတ်ပေးမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

ပြည်သူတွေ အနေနဲ့လည်း မဲဆန္ဒနယ်အလိုက် သတ်မှတ်ထားတဲ့ မဲရုံများမှာ မဲပေးနိုင်မှာဖြစ်ပါတယ်။

CNI ။             ။ ဥပမာ- ရခိုင်ပြည်နယ်မှာ သုံးမြို့နယ် ကျင်းပနိုင်ပေမယ့် အဲဒီ သုံးမြို့နယ်အတွက်ပဲ လွှတ်တော် အမတ်တွေရှိပြီး တခြား ၁၄ မြို့နယ်အတွက် လွှတ်တော်အမတ်ကတော့ လစ်လပ်နေရာအဖြစ် ထားမှာလား။ သို့မဟုတ် ကျင်းပလို့ရတဲ့ သုံးမြို့နယ်ထဲမှာပဲ တခြား ၁၄ မြို့နယ်က ကိုယ်စားလှယ်တွေကို မဲပေး ရွေးချယ်ခိုင်းမှာ လား။ အဲလိုဆိုရင် မဲပေးရမယ့် ပြည်သူတွေက ဘယ်လို မဲထည့်ရမှာလဲ ကိုယ်စားထည့်ခိုင်းမယ်ဆိုတာမျိုးလား သိလိုပါတယ်။ 

UEC ။              ။ ပြောင်းလဲ ကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့် ကိုက်ညီမည့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ 

ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များအလိုက် သတ်မှတ်လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်မှာ ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းပြီးပါက အသေးစိတ် သိရှိရမှာဖြစ်ပါတယ်။