CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈

လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ဟာ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာအတွက် နည်းပြ ဘဝ ပွဲပေါင်း ၁,၀၀၀ မြောက် ပြည့်မယ့်ပွဲစဉ်ဖြစ်ပြီး ဂွာဒီယိုလာက သူ့ရဲ့မှတ်တိုင် တစ်ခုအတွက် လီဗာပူးလ် အသင်းဟာ ပြီးပြည့်စုံတဲ့ ပြိုင်ဘက်လို့ ပြောခဲ့ပါတယ်။ 

ဂွာဒီယိုလာက “လီဗာပူးလ်အသင်းဟာ ဒီနိုင်ငံမှာ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်ပြီး ရိုးရိုးသားသား ပြောရရင် ဒီထက် ပိုပြီး ကောင်းတာမရှိပါဘူး။ ကျနော်တို့ဟာ လီဗာပူးလ်အသင်းကို ပိုပြီးကောင်းအောင် တွန်းအားပေးခဲ့သလို လီဗာပူးလ်အသင်းကလည်း ကျနော်တို့ကို ပိုပြီးကောင်းအောင် တွန်းအားပေးခဲ့တယ်လို့ ထင်ပါတယ်။ ကျနော့်ရဲ့ မှတ်တိုင်အတွက် ပြိုင်ဘက်တစ်သင်းကို ရွေးချယ်ရမယ်ဆိုရင် လီဗာပူးလ်အသင်းက အကောင်းဆုံးဖြစ်လိမ့်မယ်”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ နည်းပြဟောင်း ကလော့ပ် လက်ထက် လီဗာပူးလ်အသင်းနဲ့ ၂၀၁၈-၁၉၊၂၀၂၁-၂၂ ရာသီတွေ မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်ခဲ့ပြီး ၂ ကြိမ်စလုံး မန်စီးတီးအသင်းက ရမှတ် ၁ မှတ်အသာနဲ့ ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။

လီဗာပူးလ်အသင်းနဲ့ပွဲမှာ နည်းပြဘဝ ပွဲပေါင်း ၁,၀၀၀ ပြည့်မယ့် ဂွာဒီယိုလာဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီး အသင်းတွေမှာ ပြည်တွင်းလိဂ်ပေါင်း ၁၂ ခုနဲ့ ချန်ပီယံလိဂ်ဖလား ၃ ခု အပါအဝင် ဆုဖလား အများအပြား ရယူ နိုင်ခဲ့ပါတယ်။ 

ဂွာဒီယိုလာက ပွဲပေါင်း ၁,၀၀၀ ဆိုတဲ့ ကိန်းဂဏန်းဟာ မယုံနိုင်စရာကောင်းပြီး ဒီလိုမျိုးရောက်ဖို့ဆိုတာ ခက်ခဲ တယ်လို့ ပြောခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာဟာ ကိုင်တွယ်ထားတဲ့ ပွဲပေါင်း ၉၉၉ ပွဲမှာ ၇၁၅ ပွဲ အနိုင်ရအောင် ကိုင်တွယ်ထားပြီး နောက်ထပ် နိုင်ပွဲအများအပြား ရရှိအောင် ကိုင်တွယ်နိုင်ဖို့လည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ 

Source: CNA