CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၀

မန်စီးတီးအသင်းက လီဗာပူးလ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဟာ သူတို့ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာ သက်သေပြခဲ့တယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “လီဗာပူးလ်နဲ့ ကျနော်တို့ဟာ အာဆင်နယ်အသင်း ရမှတ်တွေ ဆုံးရှုံးပြီး သွင်းဂိုး ၂ ဂိုးခွင့်ပြုခဲ့ရတဲ့ အကြောင်းကို ပြောကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ကျနော်တို့ဟာ ကိုယ့်အလုပ်ကို အကောင်း ဆုံး လုပ်ရမှာပါ။ ကျနော်တို့ဟာ အင်္ဂလန်ချန်ပီယံတွေနဲ့ ကစားနိုင်ပြီး ဒီရာသီမှာ သူတို့နဲ့အတူ ရှိနေဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာ ပြသဖို့အတွက် ကျနော်တို့ ကိုယ်တိုင် ယုံကြည်မှုရှိလို့ ဒါကို လုပ်နိုင်ခဲ့တာပါ။ ဒီပွဲမှာ ကျနော်တို့ သက်သေပြနိုင်ခဲ့ပြီး ကျနော်တို့လုပ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ဆန်းဒါးလန်းအသင်းနဲ့ ၂ ဂိုးစီ သရေကျပြီး ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့ချိန်မှာ မန်စီးတီးအသင်းက နိုင်ပွဲရယူနိုင်ခဲ့တဲ့အတွက် သူတို့နှစ်သင်းကြားမှာ ရမှတ်ကွာဟမှုက ၄ မှတ်သာရှိတော့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ဟာလန်း၊ နီကိုဂွန်ဇာလက်ဇ်နဲ့ ဒိုကူတို့က သွင်းယူခဲ့တာပါ။

နည်းပြဂွာဒီယိုလာကို တွေ့ရစဉ် 

မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာဟာ ဒီပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဒိုကူကို ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲဟာ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာအတွက် နည်းပြဘဝ ပွဲပေါင်း ၁,၀၀၀ ပြည့်တဲ့ပွဲဖြစ်ပြီး အနိုင်ရလဒ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ 

မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက သူ့ကို အနိုင်ရလဒ်နဲ့ လက်ဆောင်ပေးခဲ့တဲ့ ကစားသမားတွေနဲ့ နည်းပြ အဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်းနဲ့ ဒီနေ့က သူ့အတွက် အထူးည တစ်ညပါပဲလို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 Source: ESPN