CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၄

စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာက မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဟာ ဘဏ္ဍာရေး ချိုးဖောက်မှု စွဲချက်တွေနဲ့ ကလပ်အသင်း ပြစ်ဒဏ်ချ(အရေးယူ)ခံရတာကို မြင်ချင်နေကြတယ်လို့ ပြောလိုက်ပါတယ်။ 

ဂွာဒီယိုလာက “ပရီးမီးယားလိဂ် အသင်းတိုင်းဟာ ကျနော်တို့ကို ပြစ်ဒဏ်ချ စေချင်တယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ လွတ်လပ်တဲ့ တရားစီရင်မှုကို စောင့်ဆိုင်းနေကြတာပါ။ ခေတ်သစ် ဒီမိုကရေစီမှာ တရားမျှတမှု ရှိပါတယ်။ ကျနော်ကတော့ ကျနော်တို့ဘာမှ မှားယွင်းခဲ့ခြင်းမရှိဘူးလို့ ယုံကြည်ကြောင်း”ပြောပါ တယ်။ 

ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ မန်စီးတီးအသင်းရဲ့ စွဲချက် ၁၁၅ ခုကို တနင်္လာနေ့က စတင်ကာ ကြားနာစစ်ဆေးမှုတွေ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၀၉ ကနေ ၂၀၁၈ ခုနှစ်အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။ 

မန်စီးတီးအသင်းကတော့ ဒီစွပ်စွဲချက်တွေ အားလုံးကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကို တွေ့ရစဉ်

လာလီဂါအကြီးအကဲ တီဘတ်စ်က သူဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ စကားပြောဆိုခဲ့ပြီးနောက်မှာ သူတို့တွေဟာ မန်စီးတီးအသင်းကို ပြစ်ဒဏ်ချ စေချင်နေတယ်လို့ ပြောခဲ့တာပါ။

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုအတွက် မန်စီးတီးအသင်းရဲ့ ကြားနာမှုဟာ ၁၀ ပတ်ခန့် ကြာမြင့်နိုင်ပြီး ၂၀၂၅ ခုနှစ် အစောပိုင်းမှာ စီရင်ချက်ချလာဖို့ ရှိနေပါတယ်။ 

မန်စီးတီးအသင်းအနေနဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု ပြုလုပ်ခဲ့ကြောင်း တွေ့ရမယ်ဆိုရင် အမှတ် အများ အပြား လျှော့ခံရပြီး ပရီးမီးယားလိဂ်ကနေ တန်းဆင်းနိုင်သလို ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ ထုတ်ပယ်နိုင်တဲ့ အရေးယူမှုတွေကို ခံရဖွယ်ရှိနေတာပါ။ 

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄ နှစ် ဆက်တိုက် ရယူထားတဲ့ မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၃ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲရယူထားတာ ဖြစ်ပါတယ်။

Source: BBC