CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့က ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ အူဂါတေး ဟာ ယူနိုက်တက်အသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ဆောက်သမ်တန် အသင်းနဲ့ပွဲစဉ်မှာ ပါဝင်မယ်လို့ နည်းပြအဲရစ်တန်ဟတ်က အတည်ပြုခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “အူဂါတေး ဥရုဂွေးအသင်းအတွက် ကစားခဲ့တာကို ခင်ဗျားတို့ မြင်တွေ့ပါလိမ့်မယ်။ သူဟာ ကြာသပတေးနေ့ နေ့လယ်က အသင်းဆီကို ပြန်ရောက်လာခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းနဲ့ပွဲမှာ သူပါဝင် နိုင်မှာပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အူဂါတေးကို ခေါ်ယူဖို့နွေရာသီ အပြောင်းအရွှေ့ ကာလတစ်လျှောက် ကြိုးပမ်းခဲ့တာ ဖြစ်ပြီး နောက်ဆုံးနေ့မှ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အူဂါတေးဟာ မေလကတည်းက ကလပ်အသင်းပွဲတွေမှာ ပါဝင် မကစားခဲ့ပေမယ့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲစလုံး ဥရုဂွေးအသင်းအတွက် ပါဝင်ကစားခဲ့တာပါ။
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အူဂါတေးရဲ့ အခြေအနေကို ကျေနပ်နေပြီး ဆောက်သမ်တန် အသင်းနဲ့ပွဲစဉ်မှာ သူ့ကိုအသုံးပြုတော့မှာ ဖြစ်ပါတယ်။
အူဂါတေးကို တွေ့ရစဉ်
အူဂါတေး ပါဝင်နိုင်မှာဖြစ်ပေမယ့် ဒဏ်ရာကနေ ပြန်သက်သာလာပြီဖြစ်တဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းနဲ့ နောက်ခံ လူ လုပ်ခ်ရှောတို့ကတော့ ဆောက်သမ်တန် အသင်းနဲ့ပွဲကို လွဲချော်မယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောထား တာပါ။
သူတို့နှစ်ဦးစလုံးကို ဒီလမကုန်ခင် အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ ယူနိုက်တက်အသင်းက မျှော်လင့်နေတာ ဖြစ်ပါတယ်။
ယိုရို၊ လင်ဒီလော့ဖ်၊ မာလာစီယာနဲ့ မေဆန်မောင့်တို့ကတော့ ဒဏ်ရာကြောင့် အနားယူရဦးမှာပါ။
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက် အရေးနိမ့်ခဲ့တာကြောင့် ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: Metro