CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂ 

ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ လီဗာပူးလ်အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် ဒီရာသီမှာ ဆုဖလားရယူနိုင်ဖို့အတွက် ကြီးမားတဲ့အခွင့်အရေးရှိတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ဒီနေ့မှာတော့ အကောင်းမြင်တဲ့ အကြောင်းအရာတွေကို မပြောချင်ပါဘူး။ ဒီရှုံးနိမ့်မှုက ကျနော်တို့အတွက်ရော ပရိသတ်တွေအတွက်ပါ နာကျင်ဖို့ကောင်းပါတယ်။ ကျနော်တို့ဟာ အသင်းသစ်ကို တည်ဆောက်ရမယ်ဆိုတာ အကြိမ်ပေါင်းများစွာလည်း ရှင်းပြပြီးပါပြီ။ ကျနော်တို့အဆင်ပြေသွားမှာဖြစ်ပေမယ့် တိုးတက်ဖို့လိုတယ်ဆိုတာ ရှင်းပါတယ်။ ရာသီအကုန်မှာတော့ ကျနော်တို့ဟာ နောက်ထပ်ဆုဖလားတွေကိုင်မြှောက်ဖို့ ကြီးမားတဲ့အခွင့်အရေးရှိတယ်ဆိုတာ ယုံကြည်မှုရှိတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

ဒီရှုံးပွဲကြောင့် ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ် ၃ ပွဲကစားအပြီးမှာ ဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ကစားသမားသစ်တွေ အများအပြား ခေါ်ယူထားပေမယ့် ရလဒ်တွေ ဆိုးရွားနေတာကြောင့် ရာသီသစ်အစပိုင်းမှာတင် နည်းပြ အဲရစ်တန်ဟတ်ကို ဖိအားတွေ ကျရောက်စေခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

ဒါပေမယ့် အဲရစ်တန်ဟတ်ကတော့ ရာသီကုန်ချိန်မှာ ယူနိုက်တက်အသင်းဆုဖလားရယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။ 

ဒါအပြင် ဒတ်ချ်လူမျိုးနည်းပြက ကစားသမားသစ်တွေဟာ အသင်းနဲ့အသားကျဖို့ အချိန်ယူရမှာဖြစ်ပြီး သူက ဟယ်ရီပေါ်တာမဟုတ်ဘူးလို့လည်း ပွဲအပြီး မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။ 

အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူထားတဲ့ ကစားသမားသစ် အူဂါတေးဟာ ဒီရာသီမှာ ပွဲကစားရခြင်းမရှိသေးတာကြောင့် သူ့ရဲ့ကြံ့ခိုင်မှုပိုင်းကို တည်ဆောက်ဖို့ လိုသေးတယ်လို့လည်း အဲရစ်တန်ဟတ်က ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၃ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ 

ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နိုင်ငံတကာပွဲစဉ်အပြီးမှ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:BBC