CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂

ဘက်တစ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ရီးရယ်လ်အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဘတ်ပီက သူ့ရဲ့ပထမဆုံးလာလီဂါဂိုးသွင်းယူနိုင်ဖို့ ဖိအားတွေမခံစားရဘူးလို့ ပြောလိုက်ပါတယ်။

ဘတ်ပီက “ကျနော့်ရဲ့ဖိအားက အသင်းနဲ့လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ပါ။ ကျနော်ဟာ ကစားသမားဘဝတစ်လျှောက် ဂိုးတွေသွင်းထားတဲ့အတွက် ဂိုးသွင်းနိုင်မယ်ဆိုတာ သေချာပါတယ်။ ပြီးတော့ ကျနော်ဟာ အသင်းဖော်တွေကို ယုံကြည်မှုရှိပါတယ်။ ကျနော့်အတွက် ဖိအားမရှိပါဘူး။ ဒါကဘောလုံးပါ။ ကမ္ဘာ့အကောင်းဆုံးဖြစ်တဲ့ ဒီကွင်းကြီးထဲမှာ ဂိုးသွင်းနိုင်ဖို့ စောင့်ဆိုင်းခဲ့ရပေမယ့် အခုအချိန်မှာ ကျနော်ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့တာပါ။

ဘတ်ပီဟာ ရီးရယ်လ်အသင်းက ဘက်တစ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးစလုံး သွင်းယူခဲ့တာဖြစ်ပါတယ်။ 

ပြင်သစ်အသင်းခေါင်းဆောင်ဟာ ရီးရယ်လ်အသင်းကစားသမားဘ၀ ပွဲဦးထွက်ဖြစ်တဲ့ အတ္တလန်တာအသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် လာလီဂါအဖွင့်ပွဲစဉ် ၃ ပွဲစလုံးဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေကို ခံခဲ့ရတာပါ။ 

ဘတ်ပီကို တွေ့ရစဉ်

ဒါပေမယ့် ဘတ်ပီဟာ ဘက်တစ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းပြီး လာလီဂါမှာ ဂိုးပေါက်ပျောက်ဆုံးနေတာကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဘတ်ပီဟာ အလုပ်ကိုကြိုးစားပြီး ဂိုးသွင်းတာက သူ့အတွက် အရေးကြီးပေမယ့် စုပေါင်းလုပ်ဆောင်တဲ့အရာကို အကဲဖြတ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။ 

ဒါအပြင် အန်ဆယ်လော့တီက အသင်းရရှိတဲ့ ပင်နယ်တီကို မကန်သွင်းဘဲ ဘတ်ပီကို ပေးကန်ခဲ့တဲ့ တောင်ပံကစားသမား ဗီနီစီးယက်စ်ကို ချီးကျူးခဲ့ပြီး သူတို့ရဲ့ဆက်ဆံရေးက အလွန် ကောင်းမွန်တယ်လို့ ပြောခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ ဘက်တစ်အသင်းကို အနိုင်ရခဲ့တာကြောင့် ဒီရာသီလာလီဂါပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရမှတ် ၈ မှတ်နဲ့ အဆင့် ၂ နေရာမှာရပ်တည်နေပြီး အဆင့် ၁ နေရာက ဘာစီလိုနာအသင်းနဲ့ ၄ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။ 

Source:ESPN