CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ရီးရယ်လ်အသင်းက မန်စီးတီးအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်မှာ ဟက်ထရစ် ဂိုးသွင်းယူခဲ့တဲ့ ဘတ်ပီက ရီးရယ်လ်အသင်းမှာ ခေတ်တစ်ခုကို သတ်မှတ်ချင်တယ်လို့ ပြောခဲ့ပါတယ်။

ဘတ်ပီက “ကျနော်ဟာ ဆိုးဆိုးရွားရွားကစားဖို့ ဒီကိုမလာချင်ပါဘူး။ ကျနော်ဟာ ကောင်းမွန်စွာ ကစားချင်ပြီး ရီးရယ်လ်အသင်းမှာ သမိုင်းတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် ခေတ်တစ်ခုကို သတ်မှတ်ချင်ခဲ့ပါတယ်။ အရေးကြီးဆုံး အရာက ဆုဖလားတွေ ဆွတ်ခူးဖို့ပါ။ ကျနော်ဟာ ကစားသမားဘဝမှာ ဂိုးတွေ အများကြီး သွင်းယူထားပေမယ့် ကျနော်တို့ အမြဲတမ်း ဆုဖလားတွေ မရရှိခဲ့ပါဘူး။ ကျနော်ဟာ ဂိုးတွေ အများကြီးသွင်းပြီး ဆုဖလားတွေ ရယူနိုင် ခဲ့ရင် ဒါကို သွေးနဲ့ လက်မှတ်ထိုးမယ်”လို့ Movistar ကို ပြောခဲ့တာပါ။ 

ရီးရယ်လ်အသင်းဟာ မန်စီးတီးအသင်းကို ပထမအကျော့ပွဲစဉ်က ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ ပေါင်း ရလဒ် ၆ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဘတ်ပီဟာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပွဲစဉ်နှစ်ကျော့စလုံး ဂိုးသွင်းနိုင်ခဲ့ပြီး ဒုတိယအကျော့ ပွဲစဉ်မှာ ဟက်ထရစ်နဲ့အတူ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့တာပါ။ 

ဘတ်ပီကို တွေ့ရစဉ်

ဘတ်ပီဟာ ရီးရယ်လ်အသင်း ကစားသမားဘဝ အစပိုင်းမှာ အထနှေးခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် အခုအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ဒီရာသီ ကစားထားတဲ့ ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၂၈ ဂိုးအထိ သွင်းယူထားပါတယ်။

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဘတ်ပီကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး သူဟာ စီရော်နယ်ဒိုရဲ့ အဆင့်ကို ရောက်ရှိနိုင်တယ်လို့ ပြောခဲ့တာပါ။ 

ဒါပေမယ့် ဘတ်ပီ အနေနဲ့ စီရော်နယ်ဒိုရဲ့ အဆင့်ကို ရောက်ရှိဖို့အတွက် အလုပ်တွေ အများကြီး လုပ်ရမယ်လို့ လည်း အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အသလက်တီကို ဒါမှမဟုတ် လေဗာကူဆင်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး မဲခွဲမှုကို ဖေဖော်ဝါရီ ၂၁ ရက်ကျရင် ပြုလုပ်သွားမှာပါ။ 

ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဂျီရိုနာအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပြီး လာလီဂါမှာ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတာကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ 

Source: ESPN