CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉

ရီးရယ်လ်အသင်းနည်းပြ အာဘီလိုအာက ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှူး ဘတ်ပီကို ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ချီးကျူးခဲ့ပြီး စီရော်နယ်လ်ဒို လုပ်သလိုမျိုး လုပ်နိုင်တဲ့ အရည်အသွေး ရှိတယ် လို့ ပြောခဲ့ပါတယ်။ 

အာဘီလိုအာက “အခုအချိန်မှာတော့ ဘတ်ပီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုတာ သေချာပါတယ်။ စီရော်နယ်လ်ဒို လုပ်ခဲ့တာက အံ့မခန်းဖြစ်ပြီး ဘယ်သူ့မှ လိုက်မီနိုင်မှာ မဟုတ်သလိုပါပဲ။ သူဟာ ဒီမှာ နှစ်ပေါင်း များစွာကြာ ရှိခဲ့တာကြောင့် ဘတ်ပီမှာ ရှည်လျားတဲ့ လမ်းကြောင်းရှိပါတယ်။ ဘတ်ပီဟာ သူ့ရဲ့လမ်းကြောင်းကို လိုက်လျှောက်နိုင်တဲ့ အရည်အသွေးရှိပြီး ဒါကိုတစ်ဦးဦးက လုပ်နိုင်တယ်ဆိုရင် သူ ကဘတ်ပီပဲ ဖြစ်မှာပါ”လို့ ပြောခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းက ဗလင်စီယာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ ၁ ဂိုးသွင်းခဲ့တဲ့ ဘတ်ပီဟာ ဒီရာသီမှာ အသင်းအတွက် သူ့ရဲ့ပြိုင်ပွဲစုံ သွင်းဂိုးက ၃၈ ဂိုးအထိ ရှိလာခဲ့ပါတယ်။

ရီးရယ်လ်အသင်း နည်းပြ အာဘီလိုအာကို တွေ့ရစဉ်

ဒီအထဲမှာ လာလီဂါ သွင်းဂိုးက ၂၃ ဂိုး ပါဝင်နေတာပါ။ ၂၀၂၄ ခုနှစ်မှာ ရီးရယ်လ်အသင်းကို ရောက်လာခဲ့တဲ့ ဘတ်ပီဟာ အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၉၀ ကစားအပြီးမှာ ၈၂ ဂိုး သွင်းယူထားပါတယ်။ 

ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ ၉ ရာသီကြာ ကစားပြီး ၄၅၀ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုရဲ့ စံချိန်ကို လိုက်မီဖို့ အများကြီး ဝေးကွာနေတာပါ။ 

ဒါပေမယ့် ရီးရယ်လ်အသင်းနည်းပြ အာဘီလိုအာက ဘတ်ပီဟာ အသင်းမှာ စီရော်နယ်လ်ဒို လုပ်သလိုမျိုး လုပ်နိုင်တဲ့ အရည်အသွေးရှိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ 

ဒါ့ပြင် အာဘီလိုအာက အဖွင့်ဂိုးမရမီမှာ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အသင်းစွမ်းဆောင်ရည်ကို ကာကွယ်ခဲ့ပြီး ဒီပွဲက ခက်ခဲခဲ့တယ်လို့ ပြောခဲ့တာပါ။ 

ရီးရယ်လ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၁ နေရာက ဘာစီလိုနာအသင်းကို ၁ မှတ် အကွာနဲ့အဆင့် ၂ နေရာ ကနေ ဆက်ပြီး ဖိအားပေးနေတာဖြစ်ပါတယ်။ 

Source: ESPN