CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉

အင်္ဂလန်ကြယ်ပွင့် ကိုးလ်ပါလ်မာဟာ ဝုလ်ဗ်စ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ဟက်ထရစ် သွင်းယူခဲ့ပေမယ့် သူဟာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။ 

ကိုးလ်ပါလ်မာက “ပရိသတ်တွေကတော့ နောက်ကွယ်မှာ ဘာတွေ ဖြစ်နေကြလဲဆိုတာ မသိကြပေမယ့် ရာသီ တစ်ခုလုံး ဒဏ်ရာရနေတာနဲ့ ကျနော် လုပ်ပြချင်သလို မလုပ်နိုင်တာက အဆင်မပြေပါဘူး။ ကျနော်ဟာ ဒဏ်ရာကို ခံစားနေရဆဲဖြစ်ပြီး မကြာခင်မှာတော့ ဒါကိုကိုင်တွယ်ဖြေရှင်းပြီး ကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော် သာ ကြံခိုင်မှု အပြည့်ရရင် နောက်တဆင့်တက်ပြီး အသင်းကို အများကြီး ကူညီနိုင်မယ်ဆိုတာ ခံစားရတယ်”လို့ ပြောခဲ့တာပါ။ 

ကိုးလ်ပါလ်မာဟာ ပေါင်ခြံဒဏ်ရာ အပါအဝင် အသေးစားဒဏ်ရာတွေကြောင့် ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့ ပွဲအများအပြားကို လွဲချော်ထားပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ ရိုစီနီယာက ကြံ့ခိုင်မှု အခြေအနေကြောင့် ကိုးလ်ပါလ်မာရဲ့ ကစားချိန် မိနစ်တွေကို စီမံခန့်ခွဲဖို့ လိုအပ်တယ်လို့ အလေးပေး ပြောထားတာပါ။

ကိုးလ်ပါလ်မာကို တွေ့ရစဉ် 

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဗြိတိန်မီဒီယာတွေက ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းမှာ မပျော်ရွှင်တော့ဘဲ မန်ချက်စတာထံ ပြန်သွားချင်နေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ 

ကိုးလ်ပါလ်မာကတော့ လူတိုင်းဟာ အဓိပ္ပါယ်မရှိတာတွေ ပြောရတာ နှစ်သက်ပြီး သူဟာ ဒီအရာတွေကို အာရုံစိုက်နေမှာ မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ်က မန်စီးတီးအသင်းကနေ ရောက်လာခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းအတွက် ၁၁၄ ပွဲ ကစားထားပြီး ၅၁ ဂိုး သွင်းယူထားတာပါ။ 

ကိုးလ်ပါလ်မာနဲ့ ချယ်လ်ဆီးအသင်းရဲ့ စာချုပ်ဟာ ၂၀၃၃ ခုနှစ်အထိ သက်တမ်းရှိနေပါတယ်။ 

နည်းပြ ရိုစီနီယာ လက်ထက်မှာ ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် အနိုင်ရထားတဲ့ ချယ်လ်ဆီးအသင်းဟာ ကြားရက်ထဲမှာ လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Metro