CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉

မာဆေးလ်အသင်းနဲ့ပွဲမှာ Puskas ဆုစာရင်းထဲ ဝင်နိုင်တဲ့ သွင်းဂိုးသွင်းယူပြီးနောက် PSG အသင်း တောင်ပံ ကစားသမား ဒမ်ဘီလီက ပြည်တွင်းနဲ့ ဥရောပပြိုင်ဘက် အသင်းတွေကို မက်ဆေ့ချ် ပေးပို့ခဲ့ပါတယ်။ 

ဒမ်ဘီလီက “ဒါဟာ ပါရီမြို့သားတွေ အားလုံးအတွက် စပါယ်ရှယ်ပွဲပါပဲ။ ကျနော်တို့ဟာ ကောင်းမွန်တဲ့ပွဲ ကစားဖို့နဲ့ ကျနော်တို့ ပြန်လာပြီဆိုတာ လူတိုင်းကို မက်ဆေ့ချ်ပေးပို့ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီရာသီရဲ့ ဒုတိယရာသီဝက်မှာ အရာအားလုံးကို အနိုင်ရဖို့ ကျနော်တို့ အစွမ်းကုန်ကြိုးစားသွားမယ်”လို့ ပြောခဲ့ပါတယ်။  

၂၀၂၅ Ballon d'Or ဆုရှင် ဒမ်ဘီလီဟာ PSG အသင်းက မာဆေးလ်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ပြင်သစ် လီဂူး-၁ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ပြန်ရောက်ရှိခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးနိုင်ခဲ့တာပါ။ 

ဒမ်ဘီလီကို တွေ့ရစဉ်

ဒမ်ဘီလီဟာ ဒီရာသီမှာ ဒဏ်ရာတွေအပြင် ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းနေပေမယ့် ဒီပွဲမှာ လှပတဲ့ဂိုးသွင်းခဲ့ သလို အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလားအပြင် ပြည်တွင်းဖလားတွေ ရယူနိုင်ခဲ့တဲ့ PSG အသင်းဟာ ဒီရာသီမှာတော့ ရလဒ်တွေ မတည်မငြိမ် ဖြစ်နေပြီး ပြင်သစ်လိဂ်မှာ ထိပ်ဆုံးနေရာ ပြန်တက်နိုင်ဖို့ ကြိုးပမ်းနေရသလို ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ ၁၆ သင်း အဆင့်ရောက်ဖို့ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။

ဒါ့ပြင် PSG အသင်းဟာ ပြင်သစ်ဖလား ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။ 

ဒမ်ဘီလီကတော့ PSG အသင်းဟာ ဒုတိယရာသီဝက်မှာ အရာအားလုံးကို အနိုင်ရဖို့ ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ ပြီး နည်းပြလူးဝစ်အင်းနရစ်က သူဟာ ကွဲပြားခြားနားတဲ့ ကစားသမားဖြစ်တဲ့အတွက် သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ရတာ ကျေနပ်ဖို့ ကောင်းတယ်လို့ ပြောခဲ့ပါတယ်။ 

PSG အသင်းဟာ လာမယ့် လိဂ်ပွဲအဖြစ် ရန်းစ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Goal