CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇

PSG အသင်းကို ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား ၄ လုံး ရယူပေးနိုင်ခဲ့တဲ့ ဒမ်ဘီလီဟာ ၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်တဲ့ The Best FIFA ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို ရရှိခဲ့ ပါတယ်။ 

အသက် ၂၈ နှစ်အရွယ်ရှိ ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီမှာ PSG အသင်းအတွက် ၅၃ ပွဲ ကစားခဲ့ပြီး ဂိုးပါဝင်ပတ်သက် မှု ၅၁ ဂိုးအထိ ရှိခဲ့ပါတယ်။ 

အဲ့ဒါကြောင့် ဒမ်ဘီလီဟာ စက်တင်ဘာလ Ballon d'Or ဆုကို ရရှိခဲ့ပြီး အခုအချိန်မှာ ဖီဖာရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။ 

ဒမ်ဘီလီဟာ The Best FIFA အကောင်းဆုံး အမျိုးသားကစားသမားဆုကို ဘာစီလိုနာအသင်း ကြယ်ပွင့် ယာမဲလ်နဲ့ ပြင်သစ်အသင်းဖော် ဘတ်ပီတို့ကို အသာရပြီး ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒီဆုကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လကနေ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအထိ စွမ်းဆောင်ခဲ့တဲ့ အရာတွေအပေါ် အခြေခံပြီး လက်ရွေးစင်အသင်း နည်းပြတွေ၊ အသင်းခေါင်းဆောင်တွေ၊ ဂျာနယ်လစ်တွေနဲ့ ပရိသတ်တွေက မဲပေးပြီး ရွေးချယ်ကြတာပါ။

အီတလီ ဂိုးသမား ဒွန်နာရမ်မာကို တွေ့ရစဉ် 

ဒမ်ဘီလီဟာ ဒီရာသီမှာတော့ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး PSG အသင်းအတွက် ၁၂ ပွဲသာ ပါဝင်ကစားထားကာ ၃ ဂိုးသွင်းယူထားပါတယ်။ 

အကောင်းဆုံး အမျိုးသားနည်းပြဆုကို PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ရရှိခဲ့ပြီး သူဟာ အသင်းကို ချန်ပီယံလိဂ်ဖလား ပထမဆုံးအကြိမ် ရယူပေးနိုင်တာ အပါအဝင် ဆုဖလားအောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တာပါ။

အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို ဘာစီလိုနာနဲ့ စပိန်အသင်းကြယ်ပွင့် ဘွန်မာတီက ၃ နှစ်ဆက်တိုက် ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီးနည်းပြဆုကိုတော့ အင်္ဂလန်အသင်းကို ယူရိုချန်ပီယံဆုရယူပေးနိုင်ခဲ့တဲ့ နည်းပြ ဝီဂ်မန်းက ရရှိခဲ့တာဖြစ်ပါတယ်။ 

အကောင်းဆုံးအမျိုးသား ဂိုးသမားဆုကို အီတလီ ဂိုးသမား ဒွန်နာရမ်မာက ရရှိခဲ့ပြီး အမျိုးသမီး ဂိုးသမားဆုကို အင်္ဂလန်ဂိုးသမား ဟမ်တန်က ရရှိခဲ့ပါတယ်။ 

အကောင်းဆုံး သွင်းဂိုးဆုဖြစ်တဲ့ Puskas ဆုကို အင်ဒီပန်တီယန်ဒီ တောင်ပံကစားသမား မွန်တီရယ်လ်ရဲ့ သွင်းဂိုး က ရရှိခဲ့ပြီး သူဟာ အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို အသာရခဲ့တာဖြစ်ပါတယ်။ 

Source: BBC