CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆
ခရစ္စတယ်ပဲလေ့စ်အသင်း နောက်ခံလူ မာခ့်ဂူဟီဟာ မန်စီးတီးအသင်းရဲ့ လာမယ့် နွေရာသီခံစစ် အားဖြည့်မယ့် ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဒီရာသီကုန်ရင် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် မာခ့်ဂူဟီကို အလွတ်နဲ့ ခေါ်ယူဖို့ ဥရောပ ထိပ်တန်းကလပ် အများအပြားက စိတ်ဝင်စားနေကြပါတယ်။
အင်္ဂလန်နောက်ခံလူဟာ ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ပေါင် ၃၅ သန်း တန် အပြောင်းအရွှေ့ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းက သူ့ရဲ့ နေရာမှာ အစားထိုးဖို့ သင့်တော်တဲ့ ကစားသမား ရှာမတွေ့ခဲ့တာကြောင့် နောက်ဆုံးနေ့မှာ ပျက်ပြယ်သွားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ မာခ့်ဂူဟီကို ခေါ်ယူနိုင်ဖို့ ပြန်လည် ကြိုးစားဖွယ် ရှိနေပေမယ့် ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုအသင်း အပါအဝင် အခြားအသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မာခ့်ဂူဟီကို တွေ့ရစဉ်
မာခ့်ဂူဟီရဲ့ တိုးတက်မှုကို သတိထားမိနေတာ ကြာပြီဖြစ်တဲ့ မန်စီးတီးအသင်းဟာ ၂၀၂၆ ခုနှစ်မှာ သူတို့ရဲ့ ခံစစ်ပိုင်း အပြောင်းအလဲအတွက် သူ့ကို ပစ်မှတ်ထားလာခဲ့တာပါ။
မန်စီးတီးအသင်းရဲ့ နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဂျွန်စတုန်းစ်ဟာ ဒီရာသီကုန်ရင် အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီဖြစ်ပြီး နယ်သာလန်နောက်ခံလူ အကီက စာချုပ် ၁၈ လ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့နှစ်ဦးစလုံးဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပွဲကစားချိန် နည်းပါးနေတာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ရူဘင်ဒီယက်ဇ်နဲ့ ဂျီဗာဒီရယ်လ်တို့ အတွဲအဖက်ကိုသာ အဓိက ဗဟိုခံစစ် အဖြစ် အသုံးပြုနေပြီး မာခ့်ဂူဟီကို ခေါ်ယူကာ ခံစစ်ကို အားဖြည့်ချင်နေပါတယ်။
မန်စီးတီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိနေပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၂ မှတ်အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Dailymail
